အစ္စရေးနိုင်ငံရှိ အသက်ငါးနှစ်အောက်ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည်

ဂျေရုဆလင်     ဇူလိုင်    ၈

အစ္စရေးနိုင်ငံရှိ အသက်ခြောက်လမှ ငါးနှစ်အရွယ်ရှိ ကလေးငယ် များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် အဆိုပါအသက်အရွယ်ရှိ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင် ကြောင်း ကျွမ်းကျင်သူများက အတည်ပြုခဲ့ပြီးနောက် ကျန်းမာရေး ဝန်ကြီးဌာနက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံအတွင်းရှိ ဆေးခန်းများတွင် အသက်ငါးနှစ်အောက်ကလေးငယ်များအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံအလောက်ရရှိစေရန် လာမည့်ရက် သတ္တပတ်များအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယခုနိုင်ငံအတွင်းသုံးစွဲမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါခံစားနေရပြီး ရောဂါခုခံနိုင် စွမ်းနည်းပါးသည့်ကလေးငယ်များနှင့် သင့်တော်ကြောင်း သိရသည်။ 

နိုင်ငံအတွင်း  အသက် ငါးနှစ်မှ ၁၁ နှစ်အရွယ်ရှိ   ကလေးငယ် တစ်သန်းရှိသည့်အနက် ၂၂ ဒသမ ၈ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးစီးကြောင်း သိရသည်။   
          
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ