အစ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု စံချိန်တင် မြင့်တက်

၄ စက်တင်ဘာ

 

 

အစ္စရေးနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု စံချိန်တင် မြင့်တက်ခဲ့ရာ ရောဂါကူးစက်ခံရသူ ၂၉၉၁ ဦး ထပ်မံတွေ့ရှိခဲ့ရပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၂၄၄၅၅ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

 

 

ဖေဖော်ဝါရီ လနှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့သော ရောဂါကူးစက်မှုတွင်  စက်တင်ဘာ ၃ ရက်နေ့သည် ကူးစက်မှု အမြင့်ဆုံးနေ့ တစ်နေ့ ဖြစ်ခဲ့သည်။

 

 

စက်တင်ဘာ ၂ ရက်နေ့ကလည်း ရောဂါကူးစက်ခံရသူ ၂၉၂၆ ဦး ရှိခဲ့သည်။ ထိုရောဂါ ကူးစက်ခံရမှုကြောင့် ၁၆ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၉၈၅ ဦး ရှိသည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအနက် ရောဂါပြင်းထန်သူ ဦးရေမှာ ၄၂၃ ဦးမှ ၄၁၇ ဦး သို့ ကျဆင်းလာသည်။

 

 

လက်ရှိဆေးရုံတက် ကုသမှုခံယူနေသူ ၈၄၉ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

ကူးစက်မှုခံရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ ၁၄၁၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေး ကောင်းမွန်လာသူ စုစုပေါင်း ၉၈၆၄၅ ဦး ရှိသည်။

 

 

ယခုလက်ရှိတွင် ရောဂါကူးစက်ခံရသူ၂၄၈၂၅ ဦး ရှိကြောင်း ထပ်လောင်းဖော်ပြထားသည်။

 

 

အဆိုပါ ရောဂါကူးစက်ခံရမှုကို ထိန်းချုပ်ရန် တနင်္လာနေ့မှ စတင်ကာ မြို့ကြီးများနှင့် မြို့ပေါင်း ၃၀ တွင် ကန့်သတ်ပိတ်ဆို့မှုများ ချမှတ်မည်ဟု ယမန်နေ့ အစောပိုင်းက အစ္စရေးအစိုးရ အဖွဲ့က ဆုံးဖြတ်ခဲ့ကြသည်။

 

 

ထိုကန့်သတ်ပိတ်ဆို့မှု အစီအမံများတွင် ယာဉ်အသွားအလာ ကန့်သတ်ချက်များ၊ ညမထွက်ရ အမိန့်များ၊ ဈေးဆိုင်များနှင့် အခြားစီးပွားရေး လုပ်ငန်းများကို ကန့်သတ်ထားခြင်းနှင့် စာသင်ကျောင်းများနှင့် မူလတန်းကျောင်းများ အားလုံး ပိတ်ထားခြင်းတို့ ပါဝင်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို