အစ္စရေးနှင့် ပါလက်စတိုင်းတို့ အပစ်အခတ်ရပ်စဲရေး သဘောတူ

 

ဂါဇာ ဩဂုတ် ၉

 

လက်နက်ကိုင် တိုက်ခိုက်မှုများ ဩဂုတ် ၅ ရက် ကတည်းက အပြန်အလှန် ဖြစ်ပွားသည့်အချိန်မှစ၍ ဒါဇင်နှင့်ချီသည့် ပြည်သူများသေဆုံးပြီးနောက် အစ္စရေးနှင့် ပါလက်စတိုင်းတို့ အပစ်အခတ်ရပ်စဲရေး သဘောတူကြောင်း သိရသည်။

 

အစ္စရေးနှင့် ဂါဇာအခြေစိုက် အစ္စလာမ္မစ်ဂျီဟတ် အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေးသည် အီဂျစ် ကြားဝင်ညှိနှိုင်းမှုကြောင့် ဩဂုတ် ၇ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် အသက်ဝင်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ကလေးငယ်များအပါအဝင် ပါလက်စတိုင်းလူမျိုး ၄၄ ဦးသေဆုံးပြီး ၃၆၀ ဒဏ်ရာရရှိကြောင်း ဂါဇာအာဏာပိုင်များက ပြောကြားသည်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကို ပါလက်စတိုင်းစစ်တပ်က ဩဂုတ် ၇ ရက်တွင် အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်များဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သည်။

 

သို့သော် အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီး မကြာမီတွင် နှစ်ဖက်စလုံးက ၎င်းတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်ခဲ့ကြောင်း သိရသည်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ ဖမ်းဆီးခံထားရသော အစ္စလာမ္မစ်ဂျီဟတ် အဖွဲ့ဝင်များ လွတ်မြောက်ရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ရန် အစ္စရေးက သဘောတူခဲ့ကြောင်းသိရသည်။ အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့သည် ၎င်းတို့၏အဖွဲ့ဝင်များကို မလွှတ်ပေးပါက တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်မည်ဟု သတိပေးထားသည်။                  

 

အင်န်အိတ်ချ်ကေ