အစ္စရေးရွေးကောက်ပွဲ၌ အဓိကပါတီကြီးနှစ်ရပ်လုံး မဲအများစု မရရှိသည့်အတွက် ညွန့်ပေါင်းအစိုးရဖွဲ့ရန် အခက်တွေ့

ဂျေရုဆလင် ၁၉  စက်တင်ဘာ

အစ္စရေးနိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်က အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ရာ ဆန္ဒမဲရလဒ်များအားလုံး၏ ၉၅ ရာခိုင်နှုန်း ရေတွက်ပြီးစီးခဲ့ပြီးနောက် ထွက်ပေါ်လာသည့် ရွေးကောက်ပွဲရလဒ်အရ အဓိက နိုင်ငံရေးပါတီကြီးနှစ်ခုမှာ သောင်မတင်ရေမကျအခြေအနေနှင့် ကြုံတွေ့ခဲ့ရကြောင်း ဗဟိုရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၁၈ ရက် ညတွင် ပြောကြားခဲ့သည်။

မဲရလဒ်များအရ ဝန်ကြီးချုပ်နေတန်ယာဟု၏ လီကွတ်ပါတီသည် အမတ် နေရာ ၃၂ နေရာရရှိခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ် ဦးဆောင်သည့် Blue and White  ပါတီက အမတ်နေရာ ၃၃ နေရာရရှိခဲ့သည်။

ထို့ပြင် ယင်းပါတီနှစ်ခုစလုံးသည် မဟာမိတ်ပါတီများ၏ အမတ်နေရာများနှင့် ပူးပေါင်းဖွဲ့စည်းခဲ့သော်လည်း ပါလီမန်၌ အမတ်နေရာ ၅၆ နေရာစီသာ အသီးသီး ရရှိခဲ့ကြသည်။

နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရ

အစ္စရေးနိုင်ငံ၌ မည်သည့်နိုင်ငံရေး ပါတီဖြစ်စေ အစိုးရဖွဲ့စည်းရန် လွှတ်တော် အမတ်နေရာ ၁၂၀ အနက် အများစုဖြစ်သည့် ၆၁ နေရာကိုရရှိရန် လိုအပ်မည်ဖြစ်ရာ ယခုအခါ အဓိကနိုင်ငံရေးပါတီကြီး နှစ်ရပ်လုံးက မဲအများစုကို မရရှိခဲ့ကြသည့်အတွက် နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိသည်။

ဝန်ကြီးချုပ် နေတန်ယာဟုသည် ၎င်း၏ပါတီအနေဖြင့် အစိုးရဖွဲ့ရန် လိုအပ်သည့် အမတ်နေရာကို မရရှိခဲ့သော်လည်း လက်ယာစွန်း ညွန့်ပေါင်းအစိုးရဖွဲ့ နိုင်ရေးဦးဆောင်သွားမည်ဖြစ်ကြောင်းနှင့် ၎င်း၏ဦးဆောင်မှုမပါရှိသည့် မည်သည့်အစိုးရအဖွဲ့ကိုဖြစ်စေ ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

အချိန်ကြာမြင့်စွာ ညှိနှိုင်းရဖွယ်ရှိ

ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာပြီးနောက် သောင်မတင်ရေမကျဖြစ်နေသည့် နိုင်ငံရေး အခြေအနေကြောင့် ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းရန် အချိန်ကြာမြင့်စွာ ညှိနှိုင်းရဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ခဲ့သည်။

ဆင်ဟွာ