အစ္စရေးတပ်ဖွဲ့က ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့အား လေကြောင်းတိုက်ခိုက်မှုများဆောင်ရွက်

ဂျေရုဆလင်၊ မေ ၆

အစ္စရေးတပ်ဖွဲ့သည် ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့အား ယနေ့တွင် လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ပါလက်စတိုင်းဒေသခံများက ပြောကြားသည်။ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ဂါဇာလေဆိပ်နှင့် အယ်လ်ဆာလန်ဒေသတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် မီးလောင်ကျွမ်းပျက်စီးမှုများ အများအပြားဖြစ်ခဲ့ကြောင်း သိရသည်။ ယင်းလေကြောင်းတိုက်ခိုက်မှုမစတင်မီတွင် ပါလက်စတိုင်းအရပ်သားများအား ရာဖာမြို့မှ ယာယီစွန့်ခွာရန် အစ္စရေးတပ်ဖွဲ့က သတိပေးပြောကြားခဲ့သည်။

အယ်လ်ဆာလန်၊ အယ်လ်ဂျာနီနာ၊ တက်ဗာဇာရာနှင့် အယ်လ်ဘီရော့ဒေသများရှိ ဒေသခံများသည် ယင်းဒေသများမှ ယာယီစွန့်ခွာကြရန်လိုအပ်ပြီး ယင်းဒေသများတွင် အစ္စရေးတပ်ဖွဲ့မှ အကြမ်းဖက် သမားများအား တိုက်ခိုက်မည်ဟု အစ္စရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အေဗီချိုင်းအက်ဒက်ယီက ပြောကြားသည်။ အစ္စရေးတပ်ဖွဲ့ဝင်များသည် ယနေ့တွင် ဆိုရှယ်မီဒီယာများ၊ လက်ကမ်းစာစောင်များနှင့် အခြားနည်းလမ်းများကို အသုံးပြုကာ ပါလက်စတိုင်းဒေသခံများကို ထွက်ခွာရန် တိုက်တွန်းခဲ့သည်။

ဂါဇာဒေသတွင် စစ်ဆင်ရေးပြုလုပ်ရန် အစ္စရေး၏တောင်းဆိုမှုကို အမေရိကန်က အကြိမ်ကြိမ် ကန့်ကွက်ခဲ့သည်။ သို့သော်လည်း အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးရာတွင် ဟားမတ်စ်အား ချေမှုန်းရန်လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

အီဂျစ်တွင်ကျင်းပသည့် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ဆွေးနွေးပွဲအတွင်း တိုးတက်မှုမရှိခဲ့ကြောင်း သိရသည်။ ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံတောင်ပိုင်းအား အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့က ဂါဇာတွင် ထိုးစစ်ဆင်မှုများ ဆောင်ရွက်ခဲ့သည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - စိုးသူရ