အစ္စရေးတပ်ဖွဲ့များ၏ ဂါဇာကမ်းမြောင်ဒေသ ဆေးရုံများတိုက်ခိုက်မှု အီရန်ရှုတ်ချ

တီဟီရန်   နိုဝင်ဘာ   ၂၀

အစ္စရေးတပ်ဖွဲ့များ၏ ဂါဇာကမ်းမြောင် ဒေသရှိ  ဆေးရုံများကို တိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ် ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန  ပြောရေးဆိုခွင့်ရှိသူ နေဆာကနာနီက ပြောကြားသည်။

ချိုးဖောက်ခြင်းဖြစ်

၎င်းလုပ်ရပ်သည် ဂျီနီဗာကွန်ဗင်းရှင်းပါ အချက်အလက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။ အစ္စရေးတာဝန်ရှိသူများသည် အယ်လ်ရှီဖာဆေးရုံနှင့်ပတ်သက်သည့်    မမှန်ကန်သည့်  သတင်းအချက်အလက်များကို   ဖြေရှင်းခြင်းမပြုဘဲ ဂါဇာကမ်းမြောင်ဒေသရှိ အခြား ဆေးရုံများကို    ထပ်မံတိုက်ခိုက်ခဲ့ရာ  ထိုသို့ တိုက်ခိုက်ခြင်းသည် အစ္စရေး၏ ရန်လိုသည့် ဆောင်ရွက် ချက်ကို ပြသနေကြောင်း ၎င်းက  မှတ်ချက်ပြုပြောကြားသည်။

အစ္စရေးတပ်ဖွဲ့က  အယ်လ်ရှီဖာဆေးရုံတွင်  ဟားမတ်စ်အဖွဲ့၏  ဌာနချုပ်တည်ရှိကြောင်း   ပြောကြားပြီး   ၎င်းဆေးရုံကို အကြိမ်များစွာ ဝင်ရောက်စီးနင်းခဲ့သော်လည်း ၎င်းအချက်ကို သက်သေပြနိုင်သည့် အထောက်အထားမရှိကြောင်း  ၎င်းက ပြောကြားသည်။  အစ္စရေးတပ်ဖွဲ့သည် နိုဝင်ဘာ ၁၅   ရက်က  ဂါဇာဒေသရှိ ဂျော်ဒန်စစ်ဆေးရုံကို တိုက်ခိုက်ခဲ့ရာတွင် ဂျော်ဒန်ဆေးတပ်ဖွဲ့ဝင်များ  ဒဏ်ရာရရှိခဲ့သည်။

ကုသရေးလုပ်ငန်းများရပ်တန့်

ထို့ပြင်ဂါဇာဒေသရှိ အင်ဒိုနီးရှားနိုင်ငံ မှ ဖွင့်လှစ်ထားသည့်ဆေးရုံကို ပြီးခဲ့သည့်ရက်များအတွင်းက တိုက်ခိုက်ခဲ့ရာ ဆေးရုံ ၏ ကုသရေးလုပ်ငန်းများ  ရပ်တန့်သွားခဲ့ သည်။ အယ်လ်ရှီဖာဆေးရုံရှိ လူနာများ ကို ကယ်တင်နိုင်ရန်အတွက် အစ္စရေးတပ်ဖွဲ့ဝင်များကို တာဝန်ရှိသူများက တောင်းဆိုထားကြောင်း သိရသည်။

ပါလက်စတိုင်း  ဟားမတ်စ်စစ်သွေးကြွအဖွဲ့က   အောက်တိုဘာ ၇ ရက်တွင်   အစ္စရေးနိုင်ငံကို    ဝင်ရောက်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့ကလည်း ဂါဇာကမ်းမြောင်ဒေသကို       တုံ့ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်။    ၎င်းဖြစ်စဉ်များအတွင်း  ဂါဇာဒေသရှိ    ပါလက်စတိုင်း နိုင်ငံသား ၁၁၅၀၀ ကျော်  သေဆုံးပြီး အစ္စရေးနိုင်ငံသား ၁၂၀၀   ခန့်  သေဆုံးခဲ့သည်။             

ကိုးကား - စီဂျီတီအင်န်

ဘာသာပြန် - စိုးသူရ