အဆောင် ၆၀ဝ၀ ခန့်အား ဇွန်လမှစ၍ အခွန်ငွေ စတင်ကောက်ခံမည်

ရန်ကုန်  ၁၅   ဇွန်

 

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၏ တံခါးပေါက်တစ်ခုဖြစ်သော လှိုင်သာယာမြို့နယ်မှာ မြန်မာပြည်၏ အကြီးဆုံး စက်မှုဇုန်တည်ရှိရာ နေရာဖြစ်သောကြောင့် ဒေသအသီးသီးမှ အလုပ်လာရောက်လုပ်ကိုင်ကြလျက်ရှိရာ ရပ်ကွက်ပေါင်း (၂၀)နှင့် ကျေးရွာအုပ်စုပေါင်း ကိုးခုတို့ရှိ အဆောင်များအား နိုင်ငံတော်အတွက် အခွန်ငွေရရှိရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတို့တွင် သုံးစွဲရန် ယင်းအဆောင်များအား ဇွန်လပိုင်းမှစ၍ အခွန်ငွေကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

“လှိုင်သာယာမှာ လွန်ခဲ့တဲ့နှစ်လက အဆောင်စာရင်းကောက်ခံတာ (၆၀ဝ၀) နီးပါးရှိတယ်။ ဒါက စည်ပင်သာယာ အမှိုက်သိမ်းဆည်းတဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာရှိတဲ့ အဆောင်တွေကိုပဲ အခွန်ကောက်မှာပါ။ ရပ်ကွက်၊ ကျေးရွာ(၁၀)ခု မပါပါဘူး။ နိုင်ငံတော်အတွက် အခွန်ငွေရအောင် ဇွန်လပိုင်းမှာ စတင်ဖို့ စီစဉ်ထားပြီးပါပြီ။ ရာဖြတ်ဌာနနဲ့ ဆွေးနွေးတဲ့အခါမှာ ဘော်ဒါဆောင်အနေနဲ့ အခွန်မကောက်ပါဘူး။ အခန်းငှားစားတယ်ဆိုတဲ့ ခေါင်းစဉ်အောက်က သွားတာဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ တရားဝင်လုပ်ဆောင်တာဖြစ်တာကြောင့် ရာဖြတ်ဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ကောက်ခံသွားမှာပါ ” ဟု လှိုင်သာယာမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်က ပြောသည်။

 

အဆိုပါ အဆောင်(၆၀ဝ၀)ခန့်မှ တစ်နှစ်လျှင် သိန်း(၄၀ဝ၀) မှ (၆၀ဝ၀)ကြား အခွန်ငွေရရှိမည်ဖြစ်ပြီး တစ်ခန်းလျှင် ကျပ်(၂)သောင်းခွဲမှ ကျပ်(၃)သောင်းထိ အဆောင်ပိုင်ရှင်များထံမှ လစဉ်ကောက်ခံရန် လျာထားကာ လှိုင်သာယာတွင် အခန်း(၁၀)ခန်းမှ အခန်း(၅၀)ကျော်ထိ အဆောင်များငှားရမ်းလျက်ရှိသောကြောင့် တစ်ခန်းလျှင် ကျပ်(၃)သောင်းခွဲမှ ကျပ်(၁)သိန်းခွဲထိ အဆောင်ပုံစံပေါ် မူတည်၍ ဈေးနှုန်းများကို သတ်မှတ်ငှားရမ်းလျက်ရှိသည်။

 

အဆောင်များ၏ တစ်နှစ်စာဝင်ငွေ (၁၀)ရာခိုင်နှုန်း၊ အဆောက်အအုံ ပြင်ဆင်ခ(၂၅)ရာခိုင်နှုန်းနှင့် အထွေထွေစရိတ်အဖြစ် (၂၅)ရာခိုင်နှုန်းကို လျော့၍ အခွန်ကောက်ခံခြင်းဖြစ်ပြီး ကျန်ရှိသော (၄၀)ရာခိုင်နှုန်းမှ (၁၃)ရာခိုင်နှုန်းတွင် မြို့နယ်၏ ဌာနဆိုင်ရာနှင့်ပြည်သူတို့၏ လျှပ်စစ်မီးကဏ္ဍအတွက်(၅)ရာခိုင်နှုန်း၊ လမ်းတံတားနှင့် ရေမြောင်းများ ကောင်းမွန်ရေးအတွက် (၈)ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးကဏ္ဍတွင် အသုံးပြုသွားမည်ဖြစ်ရာ ကျန်ရှိသော (၂၇) ရာခိုင်နှုန်းအား စည်ပင်အခွန်ငွေတွင် ထည့်သွင်းလျက် တိုင်းဒေသကြီးအစိုးရ၏ ဝင်ငွေခွန်အဖြစ် ရရှိမည်ဖြစ်သည်။

 

စက်မှုဇုန်များစုဝေးရာ လှိုင်သာယာမြို့နယ်တွင် အဆောင်ငှားရမ်းမှု အများဆုံးရပ်ကွက်တို့တွင် အဆောင် (၈၀ဝ)ကျော်ရှိပြီး စည်ပင်သာယာပိုင် မြေပေါ်နှင့်ပလပ်မြေ၊ ဌာနဆိုင်ရာမြေနှင့် စက်မှုဇုန်မြေ၊ ဆိပ်ကမ်းအာဏာပိုင်မြေနှင့် ချောင်းများပေါ်တွင်လည်း ငှားရမ်းဆောင်လုပ်မှုလည်းရှိရာ ရန်ကုန် တိုင်းဒေသကြီးတွင် စီးပွားဖြစ် အဆောင်ငှားရမ်းမှု၌ လှိုင်သာယာမြို့နယ်သည် အများဆုံးဖြစ်ကြောင်း သိရသည်။

 

မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အမှိုက်သိမ်းစနစ် ဆောင်ရွက်ထားရှိသော ရပ်ကွက်၊ ကျေးရွာများရှိ အဆောင်များကို ဦးစွာအခန်းငှားခ အခွန်ကောက်ခံခြင်းဖြစ်ပြီး စည်ပင်သာယာမှ အမှိုက်သိမ်းစနစ် ဆောင်ရွက်ခြင်းမရှိသေးသော ရပ်ကွက်များဖြစ်သည့် အမှတ်(၆)၊(၁၅)၊(၁၈)၊ (၁၉) ရပ်ကွက်များနှင့် ရွှေလင်ပန်း ကျေးရွာ၊ ကစင်၊ ရှမ်းချောင်း၊ ကုလားကြီး၊ အပြင်ပဒံနှင့် အလယ်ရွာစသော စုစုပေါင်း(၁၀)ခုအား အခွန်ကောက်ခံမှု မရှိသေးကြောင်းနှင့် ကျန်သောရပ်ကွက်၊ ကျေးရွာများကို ယခုလမှစ၍ အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်

 

ဓာတ်ပုံ - သစ္စာ  

 

1111