အဆိပ်ပင်ပျိုးကာ အဆိပ်သီး မခူးမိစေနှင့်

 

မေ

 

ယခုရက်ပိုင်းအတွင်း PDF များက ဓားပြတိုက်သည်ဟူသည့် သတင်းများ ခပ်စိပ်စိပ်မြင်တွေ့ရသည်။ ဓားပြဟူ၍ တောရွာများမှာ တိုက်သည့် ဓားပြမှုမျိုးမဟုတ်။ နေ့ခင်းကြောင်တောင် မြို့လယ်ကောင်တွင် ပေါ်ပေါ်ထင်ထင် လုယက်၊ ခြိမ်းခြောက်ဓားပြတိုက်သည်။ သူတို့ကားလူငယ်လူရွယ်အများစုဟု မျက်မြင်များကဆိုကြသည်။ ထင်ရာစိုင်း တော်လှန်ရေးကို ဗန်းပြ၍ PDF အသွင်ပြောင်း ဓားပြများမှာ တစ်နေ့တခြား ဆိုးရွားလာပြီဖြစ်သည်။

 

ဩချရလောက်သည့် ဓားပြတိုက်လုယက်မှုတို့ကို PDF သူပုန်များ အပြိုင်အဆိုင် အစွမ်းဖော်ထုတ်ကြရာတွင် မြင်တွေ့ရသမျှ စုစည်း ပြရလျှင် ပခုက္ကူမြို့နယ်အတွင်းတွင်ပင် အထည်ချုပ်စက်ရုံဝန်ထမ်းများ လစာပေးရန် ထုတ်ယူလာသည့် ငွေကျပ်သိန်း ၂၆၀၀ ကို လုယက်ယူဆောင်သွားခြင်း၊ ကားပြုပြင်ရန် အပ်ထားသည့် Extra CUB တစ်စီးကို အဓမ္မယူဆောင်ခြင်း၊ ပခုက္ကူမြို့နယ် မန်ကျည်းကန်ကျေးရွာမှ ချေးငွေကောက်ယူလာသည့် ဘဏ်ဝန်ထမ်းများကို PDF များက လက်လုပ်သေနတ်များဖြင့် ခြိမ်းခြောက်၍ ချေးငွေကောက်ယူ ရရှိငွေကျပ် သိန်း ၃၀ကျော် လုယက်ယူဆောင်ခြင်း၊ ပခုက္ကူမြို့မဈေးမှ ရွှေဆိုင်တစ်ဆိုင်အား ဝင်ရောက်ဓားပြတိုက်ကာ ငွေကျပ်သိန်း ၁၀၀ဝန်းကျင် ယူဆောင်ထွက်ပြေးသွားခြင်းတို့ကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လျက်ရှိသည်။

 

ခိုးဆိုးလုယက်လူသတ်မှုများစွာကို PDF တို့ ကျူးလွန်

 

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၌ ကမ္ဘောဇဘဏ်ခွဲတစ်ခုကို သေနတ်ကိုင်လူလေးဦး ဝင်ရောက်၍ သိန်းလေးရာ လုယက်ယူဆောင်ခြင်း၊ မွန် ပြည်နယ်၊ ရေးမြို့နှင့် မော့ကနင်ကျေးရွာအကြားတွင် မုဒုံသို့ ကြက်စာဖိုးပေးရန် လာရောက်သူကို PDF အကြမ်းဖက်အဖွဲ့များက ငွေကျပ် သိန်း ၅၀ လုယက်သွားခြင်း၊ ရမည်းသင်းမြို့နယ် ကံသစ်ရွာရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို ဆိုင်ကယ်သုံးစီးဖြင့် PDF ခြောက်ဦး လက်နက်များကိုင်ဆောင်ပြီး ဓားပြတိုက်ရန် ကြိုးပမ်းခြင်း၊ မင်းကင်းမြို့နယ်တွင်လည်း ကျေးရွာမှ အခြားနေရာ များတွင် တိမ်းရှောင်နေသော မိသားစုများထံ ဖုန်းဆက်၍ တစ်အိမ်ထောင်လျှင် ငွေကျပ်ငါးသိန်းပေးရမည်၊ မပေးပါက မိသားစုအတွင်း အရွယ်ရောက်သူတစ်ဦး PDF အဖွဲ့သို့ဝင်ရောက်ရမည်၊ မလိုက်နာပါက ကျေးရွာနေအိမ်များကို မီးရှို့မည်ဟုခြိမ်းခြောက်ခြင်း၊ ဇွန်လကုန်ပိုင်းက မြိုင်မြို့နယ်အတွင်း ဆက်ကြေးမပေးသည့် အမျိုးသမီးအား လက်ပြန်ကြိုးတုပ်၍ ရက်စက်စွာခေါင်းဖြတ်သတ်ဖြတ်ခြင်း စသည်ဖြင့် ခိုးဆိုးလုယက်လူသတ်မှုများစွာကို PDF တို့ ကျူးလွန်နေကြသည်။

 

အင်းတော်-ကသာသွား လမ်းပေါ်တွင်မူ PDF အကြမ်းဖက်များက ခရီးသွားယာဉ်များကို ဆက်ကြေးတောင်းခြင်း၊ မုံရွာ၌ အသံချဲ့စက်ဖြင့် အလှူခံနေသူများကို တိုင်းပြည်အေးချမ်းနေပြီ ထင်မည်စိုး၍ဟု အကြောင်းပြချက်ဖြင့် အလှူငွေများ သိမ်းယူသွားခြင်းနှင့် ဝက်လက်မြို့နယ်ရှိ သက်ကြီးရွယ်အိုတစ်ဦးထံမှ နားကပ်၊ ရွှေ၊ ငွေ၊ ကား၊ ဆိုင်ကယ်များကို သေနတ်ပြကာ ဓားပြတိုက်ခြင်း စသောသတင်း များကို PDF အမာခံဒေသများတွင် မကြားချင်မှအဆုံး ကြားနေ၊ မြင်နေရ၏။

 

လက်နက်အားကို အကြမ်းဖက်သမား PDF တို့သည် စစ်ရေးနှင့် လုံးဝမသက်ဆိုင်သည့် သာမန်ပြည်သူများအပေါ် ထင်ရာစိုင်း၍ ဥပဒေမဲ့ပြုမူနေကြခြင်း ဖြစ်ပါသည်။ ပြည်သူ့ကာကွယ်ရေးဟု အမည် တပ်ကာ ပြည်သူများ အတိဒုက္ခရောက်ရှိစေရန် မိုက်မဲစွာလုပ်ဆောင် လျက်ရှိသည်။ PDF တို့ကြောင့် ဒုက္ခသည်စခန်းများသို့ ရောက်ရှိ ခဲ့ကြသည်။ PDF တို့ကြောင့် မိသားစုများပြိုလဲ၊ ကျေးရွာများ ပျောက်ဆုံး၊ မြို့ပေါ်အထိ အတိဒုက္ခအပြည့်နှင့် ပြည်သူများ ပင်ပန်း ဆင်းရဲလွန်းလှသည်။

 

ပြည်သူများ မျက်နှာမထောက် အဓမ္မအလှူခံ၊ ဆက်ကြေးကောက်

 

မတော်လောဘအပြည့်ဖြင့် လေလှိုင်းပေါ်မှ မြှောက်ပင့်သွေးထိုး ပေးသူများ၊ မစို့မပို့ ထောက်ပံ့ကြေးပေးကာ PDF ဗန်းပြအလှူခံစားကြသူ CRPH, NUG စသည့် အကြမ်းဖက်အဖွဲ့များ၏ စနက်မီးကြောင့် လူငယ်များ စာရိတ္တပျက်ပြား နှလုံးသားများ ကြမ်းရှသွားခဲ့ပြီဟု သိရ၍ ရင်နာမိသည်။ မည်းမည်းမြင် ရန်သူထင်၍ ထင်ရာစိုင်းခဲ့နေကြသည်ကိုလည်း PDF တို့ အများအပြားရှိရာ ဒေသများတွင် မပြတ်မြင်တွေ့လာရသည်။ မိမိတို့အား ထောက်ပံ့ပေးခဲ့သည့် ကျေးရွာများ၊ မိမိတို့ကို ကာကွယ်ပေးထားသည့် ပြည်သူများကိုပင် မျက်နှာမထောက် အဓမ္မအလှူခံ၊ ဆက်ကြေးကောက်ရာမှ လုယက်၊ ဓားပြတိုက်သည်အထိပင် အတင့်ရဲစွာ စော်ကားလုပ်ဆောင် လာကြသည်မှာ ပြည်သူများ ရတက်မအေးရသည့် အဖြစ်အပျက်များဟု ဆိုရမည်။

 

ထို့ပြင် နိုင်ငံတော်လုံခြုံရေးအဖွဲ့များ၏ ဖမ်းဆီးခြင်းခံရတိုင်း၊ ချေမှုန်းခြင်းခံရတိုင်း အနီးအနားရှိ ကျေးရွာပြည်သူများ ကြောက်လန့်တုန်လှုပ်ကြသည်။ မည်သည့်အချိန်များ ဒလန်ဆိုကာ လာရောက်ဆွဲထုတ် သတ်ဖြတ်မလဲဟု ကျီးလန့်စာစား နေထိုင်နေကြရသည်။ ကျောင်းထိုင်ဆရာတော်များကို လူမြင်ကွင်းတွင် ရိုက်နှက်ဆွဲချကာ သတ်ဖြတ်ကြသကဲ့သို့၊ လျှပ်စစ်ဝန်ထမ်း၊ ကျောင်းဆရာ၊ ဆရာမများ နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအဆုံး ရိုးရိုးသားသား ဈေးရောင်းနေသည့် လမ်းဘေးဈေးသည်များမကျန် PDF မိုက်ရူးရဲများကြောင့် နေ့စဉ် အသက်ပေးခဲ့ရသည်။

 

လက်နက်မဲ့ပြည်သူများ အေးချမ်းစွာ နေထိုင်ခွင့်မရရှိသည်မှာ ကြာမြင့်လာခဲ့ပြီဖြစ်ပါသည်။ နေ့စဉ်နှင့်အမျှ မငြိမ်းချမ်းသည့် နေရပ်ဒေသများကို စွန့်ခွာကာ စစ်ဘေးရှောင်နေရမှုကြောင့် စားဝတ်နေရေး အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ ပြည်သူ့တော်လှန်ရေးသမားများဟု အမည်တပ်ထားသည့် PDF တို့အနေဖြင့် ပြည်သူများ၏ စက်ဆုပ်မှုကြောင့်ပင် ရပ်တည်ရန်ခက်ခဲလာခဲ့ပြီ။ PDF တို့ အားကိုးရာ လေလှိုင်းထဲက CRPH, NUG တို့သည်လည်း ဆက်လက်ထောက်ပံ့နိုင်ဖို့ဝေးစွ ကိုယ်တိုင်ပင် နိုင်ငံမဲ့များ၊ နိုင်ငံ့သစ္စာဖောက်များအဖြစ် ပုန်းလျှိုးကွယ်လျှိုး အသက်ဆက်နေရသည့်အခါ နောက်လိုက် နောက်ပါ PDF မှာ ရန်ပုံငွေအတွက် လူသတ်၊ ဓားပြတိုက်၊ ဆက်ကြေးတောင်း၊ လုယက်မှုများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာကြသည်ဟု ကောက်ချက်ချမိသည်။

 

ဆရာ၊ ဆရာမများကို အသက်သေဆုံးသည်အထိ ရန်ပြု

 

ယုတ်စွအဆုံး အခါကြီးရက်ကြီးများတွင် ဘုရားစေတီများကို မဖူးမြော်ကြရန် ယနေ့ဘုရားပိတ်သည် ဆိုင်းဘုတ်များ လာရောက် ချိတ်ဆွဲထားခြင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို အသက်သေဆုံးသည်အထိ ရန်ပြုခြင်း၊ စီးပွားရေးတွင် လုပ်ကိုင်စားသောက်၍ မရနိုင်အောင် တားဆီးခြင်း၊ ကျန်းမာရေးအတွက် ဆောင်ရွက်မှုများကို ပိတ်ပင်ဖျက်ဆီးခြင်း၊ အနုပညာရှင်များ အနုပညာလုပ်ငန်း မလုပ်ရအောင် တားဆီးခြင်း၊ လျှပ်စစ်မီးမရအောင်၊ ဖုန်းလိုင်းများ ပျက်စီးအောင်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲအောင် အလုံးစုံဖျက်ဆီး နေကြသည့်အတွက် ပြည်သူများအဖို့ PDF, NUG နှင့် ပြည်ပြေးလောက်ကောင်များအပေါ် နားလည်မှု မပေးကြတော့ပါ။

 

မိမိတို့ ရေလောင်းပေါင်းသင်ပေးလိုက်သည့် အဆိပ်ပင်များသည် ယခုအခါ အဆိပ်သီးများ မှည့်ဝင်းစွာဖြင့် ရှင်သန်ကြီးထွားလျက်ရှိသည်။ အဆိပ်သည် လက်ခံခူးဆွတ်သူတိုင်း၊ စားသုံးသူတိုင်းကို အန္တရာယ် ကောင်းစွာပေးနေသည့်အတွက် အဆိပ်ပင်ကို အမြစ်မှတိုင် နုတ်ယူ ဖယ်ရှားကြရပါတော့မည်။ ပြည်သူများအဖို့ မိမိတို့၏ အသက်အိုး အိမ်စည်းစိမ်၊ ရပ်ရွာ၏ အေးချမ်းသာယာမှုတို့ကို ရှေးရှုကြ၍ မတည်ငြိမ်ဖြစ်အောင်၊ မငြိမ်းချမ်းအောင် အဘက်ဘက်က ဖျက်ဆီးနေသည့် PDF များအား လက်သင့်မခံဘဲ ရဲရဲဝံ့ဝံ့ သတင်းပေး၍ အကုန်အစင် ရှင်းလင်းကြပါစို့ဟု တိုက်တွန်းလိုက်ရပါတော့သည်။ ။