အဆင့်မြင့်ကုန်ကြမ်းမှ အဆင့်မီကုန်ချောထိ

သြဂုတ် ၁၇

နိုင်ငံ့စီးပွားမြင့်မားရေးအတွက် ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုသည်။ ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးဟုဆိုရာတွင် အရေအတွက်အရရော၊ အရည်အသွေးအရပါ မြင့်မားစေရမည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် စက်မှုဇုန်များ တည်ထောင်ထားပြီး ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မိမိတို့ထုတ်လုပ်လိုက်သည့် ကုန်စည်များ ပြည်တွင်းပြည်ပတွင် ဈေးကွက်ဝေစုများ ကျယ်ပြန့်စွာပိုမိုရရှိရေးအတွက်လည်း စုပေါင်းအင်အားဖြင့် ကြိုးပမ်းသွားကြရမှာ ဖြစ်သည်။

မိမိတို့နိုင်ငံ၏ ပြည်ပဝင်ငွေတွင် စက်မှုကုန်ချောများ ထုတ်လုပ်တင်ပို့မှုမှရရှိသော ဝင်ငွေပမာဏမှာ ကြီးမားသည်။ လုပ်ငန်းအများစုမှာ Contracted Manufacturing Product-CMP ခေါ် ကုန်ကြမ်းလက်ခံ၊ ကုန်ချောထုတ်လုပ်ပေးပြီး လက်ခစားရယူသည့် လုပ်ငန်းများဖြစ်ပြီး အထည်ချုပ်လုပ်ငန်း၊ ရှူးဖိနပ်လုပ်ငန်း၊ ခရီးဆောင်အိတ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း စသည်တို့ အပါအဝင် လုပ်ငန်းအမယ်စုံဖြစ်သည်။ ကိုဗစ်-၁၉မတိုင်မီ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တင်ပို့မှုဝင်ငွေ အမေရိကန်ဒေါ်လာ ငါးဘီလီယံခန့်ရရှိခဲ့ရာ နိုင်ငံ့စီးပွားရေးအတွက် အရေးပါသောကဏ္ဍဖြစ်သည်။ CMP လုပ်ငန်းများတွင် ရှေးဦးအကျဆုံးနှင့် အလုပ်အကိုင်အခွင့်အလမ်း အများဆုံးပေးနိုင်သည့် အထည်ချုပ်လုပ်ငန်းများမှာ နှစ်ပေါင်း ၂၀ ကျော် ၃၀ခန့်ရှိလာပြီဖြစ်သည့် ယနေ့အချိန်အခါတွင် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ကိုယ်တိုင်အစအဆုံး ထုတ်လုပ်နိုင်သည့် FOB စနစ်သို့ ပြောင်းလဲနိုင်ရေးကြိုးပမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း၊ အထည်ချုပ်လုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်ထူထောင်သင့်ကြောင်း တိုက်တွန်းအကြံပြုချက်များကို မီဒီယာများတွင် တွေ့ရှိရသည်။

“ပြည်တွင်းအထည်ချုပ်လုပ်ငန်းများအတွက် လိုအပ်သည့် ပစ္စည်းများတင်သွင်းမှုသည် ၂၀၁၉-၂၀၂၀ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဓာတုချည်ခင်၊ အခြားချည်ထည်မျိုးစုံ၊ ချည်ထည်နှင့်ပိတ်၊ အပ်ချည် ကြိုးတန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၁၂၈၀ ခန့် တင်သွင်းခဲ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါထွက်ရှိသော်လည်း ပြည်ပသို့ ကုန်ကြမ်းများတင်ပို့၍ ပြည်တွင်းသို့ ကုန်ချောများ တင်သွင်းနေရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ချည်မျှင်များသည် ကုန်ချောထုတ်လုပ်ရန်အတွက် အဆင့်မီသည့် ချည်မျှင်ရှည်ဝါများဖြစ်ရန် လိုအပ်သဖြင့် ပြည်တွင်းဝါစိုက်ပျိုးမှုတွင် အဆင့်မြင့်ချည်မျှင်ရှည်ဝါများ ထုတ်လုပ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ဝါစိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ချည်မျှင်ရှည်ဝါများကို အသုံးပြု၍ နိုင်ငံအတွင်းရှိ စက်ရုံများမှ အဆင့်မီချည်ထည်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အထည်အလိပ်လုပ်ငန်းများကို အားပေးဆောင်ရွက်ရန် လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၇/၂၀၂၂) အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ရာ အထည်ချုပ်ကဏ္ဍကို FOB စနစ်သို့ တက်လှမ်းရေးအတွက် လိုအပ်ချက်များနှင့်အညီပင်ဖြစ်သည်။

အဆင့်မြင့်ချည်မျှင်ရှည်ဝါများ စိုက်ပျိုးထုတ်လုပ်ပြီး အဆင့်မီချည်ထည်များ ထုတ်လုပ်နိုင်ရန်မှာ စိုက်ပျိုးရေးပိုင်းတွင်ရော စက်မှုလုပ်ငန်းပိုင်းတွင်ပါ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုတို့ လိုအပ်မည်ဖြစ်သည်။ သို့ရာတွင် မိမိတို့ပြည်တွင်းမှ အဆင့်မီအရည်အသွေးကောင်း ကုန်ကြမ်းများထုတ်လုပ်နိုင်ပါက အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ ပြည်ပမှတင်သွင်းနေရမှုများ လျော့ကျသွားမည်ဖြစ်ပြီး ကုန်ကြမ်းအတွက် သုံးစွဲရမည့်ငွေကြေးသည် ဝင်ငွေအဖြစ်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် တွန်းအားပေး ပါဝင်နိုင်မည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း