အစီအစဉ်တက်ဆက်သူ မပါဝင်ဘဲ အော်စကဆုပေးပွဲ ကျင်းပမည်

၂၂  ဇန်နဝါရီ

 

ဟောလိဝုဒ်ရဲ့ အထင်ကရ အနုပညာထူးချွန်ဆုပေးပွဲကြီးဖြစ်တဲ့ အော်စကာဆုပေးပွဲကိုတော့ လာမယ့်လအတွင်း ကျင်းပသွားမှာဖြစ်ပြီး ယခုနှစ်ရဲ့ ဆုပေးပွဲမှာတော့ အစီအစဉ်တင်ဆက်သူမပါဝင်ဘဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီလို အစီအစဉ်တင်ဆက်သူမပါဝင်ဘဲ ဆုပေးပွဲကျင်းပခြင်းဟာ ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက လာမယ့် အော်စကာဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်သွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ ဟောလိဝုဒ်ကြယ်ပွင့် ကယ်လ်ဗင်ဟာ့ထ်ဟာ မကြာသေးမီက သူ့ရဲ့ အော်စကာဆုပေးပွဲမှာ တင်ဆက်သူအဖြစ် ပါဝင်သွားမယ့် အိပ်မက်တွေ ပြီးဆုံးခဲ့ရပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဒီနှစ်ရဲ့ အကယ်ဒမီဆုပေးပွဲကို တင်ဆက်သူမပါဝင်ဘဲ ပြုလုပ်သွားမှာဖြစ်ကြောင်း သတင်းတွေပေါ်ထွက်ခဲ့ပါတယ်။ စီစဉ်တင်ဆက်သူ ရှာဖွေမရတာကြောင့် ဒီနှစ်ဆုပေးပွဲကိုတော့ တင်ဆက်သူမပါဝင်ဘဲ ပြုလုပ်ဖို့ရာ ပြင်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် လာမယ့် (၉၁)ကြိမ်မြောက် အော်စကာဆုပေးပွဲမှာတော့ အစီအစဉ်တင်ဆက်သူ မပါဝင်ဘဲ ပြုလုပ်သွားဖို့ရာ ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်တွေရဲ့ ထုတ်ဖော်ပြောကြားချက်အရ သိရပါတယ်။

 

ယခင်က အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်သွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီးဖြစ်တဲ့ ဟာသသရုပ်ဆောင် ကယ်လ်ဗင်ဟာ့ထ်ကလည်း မကြာသေးမီကမှ သူ့အနေနဲ့ အော်စကာဆုပေးပွဲမှာ ပါဝင်ဆောင်ရွက်သွားမှာ မဟုတ်ကြောင်း ပြောကြားလာပါတယ်။ မင်းသားက သူ့အနေနဲ့ ဒီလိုပါဝင်နိုင်ခြင်းမရှိတာဟာ ဆုပေးပွဲ အစီအစဉ်တွေအတွက် ပြင်ဆင်မှုတွေပြုလုပ်ဖို့ရာ မအားလပ်တာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

ဒါပေမယ့် တစ်ဖက်မှာလည်း အေဘီစီနယူးစ်ရဲ့ ဖော်ပြချက်တွေအရ ကယ်လ်ဗင်ဟာ့ထ်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေအတွင်း သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့မှုတွေနဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေ ဆက်လက် မပြုလုပ်လိုတော့ကြောင်းလည်း သိရပါတယ်။ ကယ်လ်ဗင်ဟာ့ထ်ဟာ လူမှုကွန်ရက်မီဒီယာပေါ်မှာ ဆန့်ကျင်ဘက် လိင်စိတ်ရှိသူတွေနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသားဖော်ပြမှုတွေ ရှိခဲ့တာကြောင့် ပရိသတ်အချို့နဲ့ အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကယ်လ်ဗင်ဟာ့ထ်က ဆက်လက်ငြင်းဆိုတော့မှာ မဟုတ်ကြောင်းလည်း သိရပါတယ်။ သူ့ရဲ့ ဖော်ပြခဲ့မှုတွေအတွက် ကယ်လ်ဗင်ဟာ့ထ်က ပြန်လည်ရှင်းလင်းခဲ့ကာ တောင်းပန်ခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

 

အေဘီစီရုပ်သံလိုင်းနဲ့ပြုလုပ်ခဲ့တဲ့ “Good Morning America” အစီအစဉ်ရဲ့ အင်တာဗျူးမှာ ကယ်လ်ဗင်ဟာ့ထ် က အော်စကာဆုပေးပွဲအကြောင်းအရာတွေနဲ့ သူ့ကို ဝေဖန်တိုက်ခိုက်စရာဖြစ်စေခဲ့တဲ့ လူမှုကွန်ရက်မီဒီယာပေါ်မှာ ရေးသားဖော်ပြခဲ့မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့မေးခွန်းတွေမှာ ဒါတွေဟာ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

အော်စကာဆုပေးပွဲရဲ့ သမိုင်းတစ်လျှောက်မှာတော့ ယခုလို အစီအစဉ်တင်ဆက်သူမပါဘဲ ဆုပေးပွဲ ကျင်းပခဲ့တဲ့ ၁၉၈၉ ခုနှစ်က နောက်ဆုံးဖြစ်တယ်လို့ သိရပါတယ်။ ယခုနှစ်အတွက် အော်စကာဆုပေးပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

အေးပြည့်