အစိုးရအေဂျင်စီများအနေနဲ့လည်း ဆောင်ရွက်လိုက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပုဂ္ဂလိကကဏ္ဍမှာ ထိရောက်စွာ အကျိုးကျေးဇူး ခံစားရတယ်ဆိုတာ သေချာဖို့ လိုအပ်ပါတယ်

၂၆ နိုဝင်ဘာ

 

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတာ လွယ်ကူရဲ့လား ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်း ကျင်းပ

 

''မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတာ လွယ်ကူရဲ့လား'' ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းအပိုင်း(၂)ကို မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သီတာမြင့်နှင့် မြန်မာနိုင်ငံ အထည် ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။ 

 

အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်-

 

အစီအစဉ်မှူး။ ။Doing Business မှာ ပြည်ပကုန်သွယ်မှု Indicator ရဲ့အခြေအနေကို ရှင်းပြပေး ပါဦးခင်ဗျာ။

 

ဦးအောင်စိုး။ ။ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းပေါ့။ ဒီလို လုပ်ငန်းလုပ်ရတာ လွယ်ရဲ့လားဆိုတဲ့ အညွှန်းကိန်းပေါ့။ ဒီအညွှန်းကိန်းက Doing Business တစ်ခုလုံးကို တိုင်းတာတဲ့ ၁ဝ ခုထဲမှာ တစ်ခုပါတယ်။ ဒီအညွှန်းကိန်းက ကုန်သွယ်မှုကိုအခြေခံတာဖြစ်တဲ့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဓိကဦးဆောင်ပြီး ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က အဓိကတာဝန်ခံအဖွဲ့ခေါင်းဆောင်အဖြစ်နဲ့ ဆောင်ရွက်ပါတယ်။ ကုန်သွယ်ရေးဆိုတော့ ကုန်သွယ်မှုအတွက် ပူးပေါင်းလုပ်ရတဲ့ဌာနတွေကများတော့ အဲဒီထဲမှာ ဌာန ၁၆ ခု ပါပါတယ်။ အကောက်ခွန်တို့၊ ကျန်းမာရေး ဝန်ကြီးဌာနက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်တို့ အကုန်လုံးပါပါတယ်။ ထောက်ခံချက်ပေးရတဲ့ သစ်တော၊ စိုက်ပျိုးရေးတို့ ဒါတွေ လည်း ပါတယ်။ ဌာနအများဆုံးပါတဲ့ အညွှန်းကိန်းအဖွဲ့ ဖြစ်ပါတယ်။

 

Doing Business မှာ သူတို့ရဲ့ ဝက်ဘ်ဆိုက်ကနေ တစ်ကမ္ဘာလုံးရဲ့ Doing Business နဲ့ ပတ်သက်တဲ့ အခြေအနေကို သိနိုင်သလို မြန်မာနိုင်ငံနဲ့ပတ်သက်တာ လည်း သိနိုင်တယ်။ အခုဆို မြန်မာဘာသာပြန်ပြီးတော့ ထားတယ်။ မြန်မာဘာသာပြန်ထားတာလည်း ကျွန်တော် တို့ဝက်ဘ်ဆိုက်ပေါ်မှာ တင်ပေးထားပါတယ်။ အဲဒီထဲမှာ အညွှန်းကိန်းတွေနဲ့ပတ်သက်တာတွေ တစ်ခုချင်း၊ တစ်ခု ချင်းစီကို ဖော်ပြထားပါတယ်။ မြန်မာဘာသာပြန်နိုင်တာ တော့ ပထမဆုံးပေါ့။ ၂ဝ၁၈ ခုနှစ် အစီရင်ခံစာကို မြန်မာ ဘာသာပြန်ပြီးတော့ ပြုစုထားပါတယ်။ ဒါကိုSoft Copy လိုချင်ရင်လည်း ရနိုင်ပါတယ်။ ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အဓိကတိုင်းတဲ့ အချက်သုံးချက်ရှိတယ်။ လုပ်ငန်းအဆင့် တွေ ဘယ်လောက်များလဲ၊ အချိန်ဘယ်လောက်ကြာလဲ၊ ကုန်ကျစရိတ် ဘယ်လောက်များလဲဆိုတာတွေကို တိုင်းတာ ပါတယ်။

 

တိုင်းတာမှုမှာ စာရွက်စာတမ်းအပိုင်းရယ်၊ တကယ် ဖြတ်သန်းရတဲ့ လုပ်ငန်းစဉ်ရယ်ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ အဲဒီနှစ်ပိုင်းလုံးက ဘယ်လောက်ကြာလဲဆိုတာ သူတို့က တိုင်းတယ်။ ကုန်ကျစရိတ်ကို ပို့ကုန်မှာလည်း တိုင်းတယ်။ သွင်းကုန်မှာလည်း တိုင်းတယ်။ အဲဒီသဘောပါပဲ။ အဲဒီ အနေအထားအရ ပြောမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကုန်သွယ်မှုလုပ်ငန်းနဲ့ပတ်သက်တဲ့ အချက်လေးတွေ၊ ကိန်းဂဏန်းလေးတွေ ပြောပြချင်ပါတယ်။

 

ပထမ စတင်ဝင်ရောက်တဲ့ ၂ဝ၁၄ ခုနှစ်မှာ ကျွန်တော်တို့ရဲ့အဆင့်က (၁၁၃) ရှိတယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံက အိန္ဒိယ၊ လာအိုတို့အထက်မှာတော့ ရောက်နေ တယ်။ ကျွန်တော်တို့ဒေသ East Asia and Pacific ဒေသရဲ့ ပျမ်းမျှအဆင့်က (၇၅) ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့က (၁၁၃) ဖြစ်နေတယ်။ ၂ဝ၁၅ ခုနှစ်ကျတော့ ကျွန်တော်တို့အဆင့်က (၁ဝ၃) ရောက်သွားတယ်။ အမှတ် ကတော့ ၇ဝ ဒသမ ဝ၂ ပါ။ ဒီမှာလည်း ကျွန်တော်တို့က အိန္ဒိယနဲ့ လာအိုရဲ့အထက်မှာရှိသေးတယ်။ ပျမ်းမျှကတော့ ၇၃ ဆိုတော့ ကျွန်တော်တို့က ၇ဝ ရတော့ မဆိုးဘူးပေါ့။ ၂ဝ၁၆ ခုနှစ်မှာ ကျွန်တော်တို့က အောက်ရောက်သွား တယ်။ ဒီထဲမှာ လာအိုနဲ့ အိန္ဒိယတို့က ကျွန်တော်တို့ကို ကျော်တက်သွားတယ်။ ကျွန်တော်တို့ အဆင့်က(၁၄ဝ)ဖြစ်သွားတယ်။ လာအိုက (၁ဝ၈)နဲ့ အိန္ဒိယ က (၁၃၃)ရ တယ်။ ပျမ်းမျှအဆင့်က(၉၇)ဖြစ်ပြီး ဒေသရဲ့ ပျမ်းမျှ အမှတ် က ၆၈ ဒသမ ၆၇ ဖြစ်ပါတယ်။ ကျွန်တော်တို့က ၅၅ ဒသမ ဝ၅ ရတယ်။ အဲဒီအချိန်ကစပြီးတော့ ကုန်သွယ်မှုမှာ နည်းနည်းအခက်အခဲ၊ အတားအဆီးလေး တွေရှိလာတယ်။ အဲဒီတော့ ကျွန်တော်တို့သတိထားမိတာက အဲဒီအချိန်က လမ်းတွေ ကျပ်တယ်။ ကားလမ်းပေါ်မှာ ကျပ်တော့ ကွန်တိန်နာတွေက နေ့ခင်းမှာ သွားရခက်လို့ ညပိုင်းမှာ ဦးစား ပေးပြီးသွားရတာရှိတယ်။ ဆိပ်ကမ်းထဲမှာ ကျပ်တာ တွေရှိတယ်။ အခြားအချက်အလက်တွေလည်းရှိတယ်။ ဌာနပေါင်းက ၁၆ ခုဆိုတော့ ဘယ်နေရာက အဓိကလဲ ဆိုတာ ပြောဖို့ခက်တယ်။ ဒီဌာန ၁၆ ခုလုံး ပူးပေါင်းပြီး လုပ်မှ တိုးတက်မယ့် အညွှန်းကိန်းဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်ကျတော့လည်း ဒေသအတွင်းမှာ အိန္ဒိယနဲ့ လာအိုတို့က အောက်ကိုပြန်ရောက်သွားတယ်။ မလေးရှားနဲ့ ထိုင်းတို့ကတော့ ကျွန်တော်တို့အထက်မှာပါ။ ကျွန်တော် တို့အဆင့်က (၁၅၉) ဖြစ်ပြီး ရမှတ်က ၄၇ ဒသမ ၄ ဖြစ်နေတယ်။ ၂ဝ၁၈ ခုနှစ်မှာ ကျွန်တော်တို့က ၄၇ ဒသမ ၆၇ ဆိုတော့ သိပ်မပြောင်းလဲသေးဘူးပေါ့။ အဆင့်ကလည်း(၁၆၃)ပါ။ ကျွန်တော်တို့က မှန်းထားတာက (၁ဝဝ) လောက်အထိ ရချင်တာဆိုတော့ ဆက်ပြီးကြိုးစား ရဦးမှာပေါ့။ ကြိုးစားတဲ့နေရာမှာလည်း ဒါက ပြည်ပ ကုန်သွယ်မှုပို့ကုန်၊ သွင်းကုန်လုပ်ငန်းဆိုတော့ ကုန်သွယ် ရေးကပါတဲ့ အပိုင်းရှိတယ်။ ကုန်သွယ်ရေးကို မရောက်ဘဲ အကောက်ခွန်နဲ့သွားပြီး လိုင်စင်မလိုတဲ့ ပစ္စည်းတွေ ကလည်း ၅ဝ ရာခိုင်နှုန်းကျော်ကျော်လောက် ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီလိုရှိနေပြီဆိုတော့ ကျန်တဲ့ဌာနတွေ ကလည်း မြန်မှဖြစ်ပါမယ်။ ကုန်သွယ်ရေးပါတဲ့ အပိုင်း ရှိသလို ကုန်သွယ်ရေးမပါတဲ့ အပိုင်းလည်းရှိတယ်။ ဒီလို မြန်မှ တိုးတက်လာမှာဖြစ်ပါတယ်။

 

နောက်ဆုံး ၂ဝ၁၈ ခုနှစ်ရဲ့အခြေအနေအရဆိုရင် နယ်စပ်ဖြတ်ကျော်ပြီးတော့ ဆောင်ရွက်ရတဲ့အပိုင်းတွေမှာ ကြာမြင့်ချိန်က ပို့ကုန်မှာ ၁၄၂ နာရီ ဖြစ်နေတယ်။ သွင်းကုန်မှာက နာရီ ၂၃ဝ ဖြစ်နေတယ်။ ဒါက နယ်စပ် ဖြတ်ကျော်မဟုတ်ဘဲ ပင်လယ်ရေကြောင်းကုန်သွယ်မှုကိုပဲ တိုင်းတာခြင်းဖြစ်ပါတယ်။ ကုန်ကျစရိတ်မှာလည်း ပို့ကုန်နဲ့ ပတ်သက်တဲ့လုပ်ငန်းမှာ ဒေါ်လာ ၄၃ဝ ဖြစ်နေတယ်။ သွင်းကုန်မှာ ၄၅၇ ဒေါ်လာဖြစ်ပါတယ်။ နယ်စပ်ဖြတ် ကျော်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ကုန်ကျစရိတ်တွေ ဖြစ်ပါတယ်။ စာရွက်စာတမ်းအပိုင်းနဲ့ပတ်သက်လို့ သူတို့ရဲ့ တွေ့ရှိချက်မှာ ဘာတွေ့လဲဆိုတော့ ပို့ကုန်မှာ ၁၄၄ နာရီ ကြာတယ်။ သွင်းကုန်မှာကျတော့ ၄၈ နာရီပဲကြာတယ်။ သွင်းကုန်ကဝင်လာပြီး ဖြန့်လိုက်တာဆိုတော့ ပိုလွယ် တယ်။ ပို့ကုန်က အဆင့်ဆင့်လုပ်ရတော့ နည်းနည်း ကြာတယ်။ အဲဒီတော့ ကုန်ကျစရိတ်အပိုင်းမှာလည်း ပို့ကုန်က ဒေါ်လာ ၁၄ဝ နဲ့ သွင်းကုန်က ၂၁ဝ ဒေါ်လာ ဖြစ်နေတယ်။

 

ဒါတွေက သူတို့ရဲ့စံနှုန်းတွေနဲ့ လေ့လာမှုအရ တွက်ချက်တဲ့ အချိန်၊ နာရီတွေနဲ့ ကုန်ကျစရိတ်ကိန်းဂဏန်း တွေဖြစ်ပါတယ်။ အဲဒီတော့ ဒါတွေက ဖြေတဲ့သူမှားလို့ မှားတာမျိုးလည်း ဖြစ်နိုင်တယ်။ တကယ့် လက်ရှိအခြေ အနေလည်း ဖြစ်နိုင်တယ်။ ဒါတွေကို ကျွန်တော်တို့က အမြဲတမ်းဆွေးနွေးညှိနှိုင်းပြီးတော့ တိုးတက်အောင် လုပ်နေရမှာ ဖြစ်ပါတယ်။ ဒါတွေအားလုံးက မှန်တယ်လို့ တရားသေပြောလို့မရဘူး။ သို့သော် ကျွန်တော်တို့က လက်ရှိအခြေအနေမှာဖြစ်ပေါ်နေတဲ့ အညွှန်းကိန်းတစ်ခု အနေနဲ့တော့ လက်ခံရပါမယ်။ ဒါတွေကို မှားရင်မှားတယ် လို့ ထောက်ပြနိုင်ရမယ်။ မှန်ရင်လည်း ဒီထက်ပိုပြီး ကောင်းအောင် ကျွန်တော်တို့ ဆက်ပြီးလုပ်ဆောင်ရမယ်။ လုပ်တဲ့နေရာမှာလည်း ကုန်သွယ်မှုဖြစ်တဲ့အတွက် ဌာန တစ်ခုတည်း လုပ်လို့မရဘူး။ ၁၆ ဌာနပေါင်းလုပ်ရမှာ ဖြစ်တဲ့အတွက် ဌာနအသီးသီးက ဟန်ချက်ညီညီ လွယ်ကူ အောင်လုပ်ပေးမှ ဒီအဆင့်က တိုးတက်မယ်။

 

နောက်တစ်ခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ရင်းနှီး မြှုပ်နှံမှုလာရင်လည်း သူတို့ထုတ်လုပ်တဲ့ကုန်က ကုန်သွယ်မှု ဖြစ်မှာပါ။ ကုန်သွယ်မှုဖြစ်တဲ့အခါကျ သူတို့က လွယ်ကူတာ ကို ကြိုက်တယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်က လွယ်ကူမှ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့နေရာမှာလည်းဆက်စပ်ပြီး တော့ တိုးတက်လာမှာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော် တို့ရဲ့ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ လက်ရှိDoing Business မှာ နှစ်အလိုက် တွေ့ရှိရတဲ့အချက်တွေနဲ့ နောက်ဆုံး အခြေအနေဖြစ်ပါတယ်။ ဒါကို တင်ပြရင်းနဲ့ သက်ဆိုင်ရာ ဌာနတွေအားလုံးက ဆက်လက်ပြီးတော့ တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ လုပ်ငန်းရှင် တွေအပါအဝင် ကျန်တဲ့သက်ဆိုင်ရာဌာနတွေကလည်း အားလုံးဆက်ပြီးတော့ ပူးပေါင်းကြိုးစားကြဖို့ တိုက်တွန်း ချင်ပါတယ်။

 

အစီအစဉ်မှူး။ ။ ပြည်သူကို အသိပေးချင်တဲ့ကဏ္ဍတွေ ကိုလည်း ဆွေးနွေးကြဖို့အတွက် ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

 

ဒေါ်ခိုင်ခိုင်နွယ်။ ။ တကယ်တော့ လုပ်ငန်းလုပ်ရတာ လွယ်ကူအောင် လုပ်တဲ့အပိုင်းမှာ အစိုးရဌာနတစ်ခုတည်းနဲ့ လုပ်လို့ရတာမဟုတ်ပါဘူး။ ဒါကို ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းရှင်တွေ သိစေချင်ပါတယ်။ အစိုးရဌာနဘက်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကြမယ်။ ဒီလိုလုပ်တာလည်း ပုဂ္ဂလိကကဏ္ဍမှာ အလုပ်လုပ်ရတာ လွယ်ကူအောင်လုပ်ပေးတာ ဖြစ်ပါတယ်။ အဲဒီတော့ ပုဂ္ဂလိကဘက်ကလည်း သူတို့လုပ်တဲ့အခါမှာ မလွယ်ကူ တာရှိရင်လည်း ပွင့်ပွင့်လင်းလင်းနဲ့ ဆက်သွယ်ပြောဆိုနေ သင့်တယ်။ Communicate လုပ်နေသင့်တယ်။ ဒီလို ပြောင်းလိုက်တယ်ဆိုရင် ဒီလိုပြောင်းလိုက်တာကိုတော့ ကျွန်မတို့ မခံစားရသေးဘူးဆိုတာ သိအောင်ပေါ့။ ပွင့်ပွင့် လင်းလင်းစကားပြောကြရင် ဘယ်နေရာမှာတော့ ဘယ်လိုရှိလဲဆိုတာ ပိုပြီးရှင်းလင်းအောင်လုပ်နိုင်မယ်လို့ ကျွန်မ ထင်တယ်။

 

အဲဒီတော့ အစိုးရအေဂျင်စီတွေကလည်း ပြုပြင် ပြောင်းလဲမှုကို ဆောင်ရွက်ခြင်း (Reform) လုပ်တဲ့နေရာ မှာ စီးပွားရေးလုပ်ငန်းတွေအတွက် အမှန်တကယ် အကျိုး ရှိလာမည့်ကိစ္စဖြစ်ခြင်း၊ မဖြစ်ခြင်းကို ပုဂ္ဂလိကကဏ္ဍ ကလည်း မည်သည့်နေရာ၊ မည်သည့်အနေအထားတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်သင့်တယ်ဆိုတာကို ကိုယ်တိုင်တွေ့ကြုံနေရတဲ့ အခက်အခဲတွေကိုအခြေခံပြီး ပွင့်လင်းစွာတင်ပြဆွေးနွေးရမှာ ဖြစ်ပါတယ်။ အစိုးရ အေဂျင်စီတွေအနေနဲ့လည်း ဆောင်ရွက်လိုက်တဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ပုဂ္ဂလိကကဏ္ဍမှာ ထိရောက်စွာ အကျိုးကျေးဇူးခံစားရတယ်ဆိုတာ သေချာဖို့ လိုအပ် ပါတယ်။

 

နောက်တစ်ခုကလည်း Emphasize လုပ်ချင်တာပါ။ ပုဂ္ဂလိကဘက်ကလည်း ကမ္ဘာ့ဘဏ်ရဲ့အမှတ်ပေးစနစ်မှာ ပြုပြင်ပြောင်းလဲမှုလုပ်ပြီးတာနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ ပြည်ပကုန်သွယ်မှုဆိုရင် ဒီနှစ်မှာ ဆရာတို့ပြောင်းခဲ့တဲ့Negative List တွေ ထွက်လာတယ်။ Export List တွေ ထွက်လာတာ ဖြစ်ပါတယ်။ တကယ်ဆို ကျွန်မတို့ အချိန်မီ နေခဲ့သေးတာပေါ့။ ဒါပေမယ့် ပုဂ္ဂလိကကိုမေးတော့ တိကျတဲ့အဖြေ မရတဲ့အခါမှာ စောင့်ကြည့်နဲ့ထွက်လာတော့ အဲဒီမှာ အမှတ်ကတိုးမလာတော့ဘူး။ Customs ဆို MACCS ကို သုံးတာ ၂ဝ၁၆ ခုနှစ်ကတည်းကပါ။ ဒါပေမယ့် သူတို့လည်းကြိုးစားလုပ်တယ်။ တကယ်တမ်း မြေပြင်မှာသုံးရတဲ့အခါကျရင် အဆင်မပြေတဲ့အသံတွေက ပုဂ္ဂလိကဘက်က ထွက်လာတဲ့အခါမှာ အခုအထိ အမှတ်က မတက်လာဘူး။ စောင့်ကြည့်ပဲရှိနေသေးတယ်။ Customs နဲ့ ဆိပ်ကမ်းဆိုရင် သွင်းကုန်ကို ပိုလွယ်ကူအောင် လုပ်ပေး တယ်။ အချိန်လျော့အောင် လုပ်ပေးတဲ့အပိုင်းဟာ တချို့ ွSector မှာ တကယ်ကို လျော့ပါတယ်။ ကျွန်မတို့ အထည် ချုပ်ဆိုရင် တကယ်ပေါင်းလုပ်တဲ့ အပိုင်းတွေရှိတယ်။ ဒါပေမယ့် Sector အားလုံးနဲ့မဟုတ်တော့ ဒီမေးခွန်းက တခြား ွနခအသမ ရောက်သွားရင် အဖြေက Negative ထွက်လာမှာဖြစ်ပါတယ်။ အဲဒီတော့ စောင့်ကြည့်ဆိုတဲ့ အပိုင်းတွေ ဖြစ်လာတာပါ။

 

ဒါကြောင့် ပုဂ္ဂလိကကဏ္ဍကိုလည်း ကိုယ့်နိုင်ငံရဲ့Doing Business ကို ပိုလွယ်ကူအောင်ပေါ့။ ရမှတ်တက် လာရင် အပြည်ပြည်ဆိုင်ရာကလည်း ကိုယ့်ကိုရင်းနှီးမြှုပ်နှံမှု လုပ်ချင်တဲ့အခါကျ ဒါကို သူတို့ကြည့်ကြတယ်။ ဘာလဲ ဆိုတော့ အညွှန်းကိန်းနဲ့လာတယ်။ ကြည့်တဲ့အခါမှာ Starting Business အလွန်လွယ်တယ်ဆိုရင် အကုန်လုံးက လာချင်ကြမယ်။ ချေးငွေရရှိနိုင်မှု၊ ပြည်ပကုန်သွယ်မှုတွေ အလွန်လွယ်တယ်ဆိုရင် အားလုံးက လာချင်ကြမှာပါ။ သူတို့ချည်းပဲမဟုတ်ဘူး၊ ကိုယ့်နိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေ လည်း ဒါကိုကြည့်လိုက်ရင် ငါတို့အစိုးရဘက်က လုပ်ကိုင် ပေးနေမှုဟာ အလုပ်လုပ်ဖို့ အဆင်ပြေနေပြီဆိုရင် အားတက်သရောရှိလာမယ်။ ခုနက ဆွေးနွေးခဲ့သလို မွေးပြီးရှင်သန်ချင်သလိုပေါ့။ ရှင်သန်တဲ့အခါမှာလည်း သန်သန်စွမ်းစွမ်း၊ ကျန်းကျန်းမာမာနဲ့ ရှင်သန်ချင်တယ်။ ပိန်ပိန်လှီလှီနဲ့တော့ ဘယ်ရှင်သန်ချင်မလဲ။ ဒါမျိုးလေး တွေက ပုဂ္ဂလိကကဏ္ဍမှာလည်း ပေါင်းလုပ်ဖို့အတွက် တာဝန်ရှိတယ်ဆိုတာ ပြောချင်ပါတယ်။

 

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အနေနဲ့ကတော့ လုပ်ငန်းအဖွဲ့ ၁ဝ ခုမှာတော့ ပါဝင်ပါတယ်။ အစည်းအဝေးတွေလည်း တက်နေကြတယ်။ အခုထက်ပိုပြီးပါဝင်ဖို့လည်း ကြိုးစားမယ်။ အတူ ဆောင်ရွက်မယ်လို့လည်း ပြောချင်ပါတယ်။

 

“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတာ လွယ်ကူရဲ့လား”ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်း အပိုင်း(၂) ကျင်းပ

 

“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတာ လွယ်ကူရဲ့လား” ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းအပိုင်း(၂)ကို မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သီတာမြင့်နှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်-

 

အစီအစဉ်မှူး။ ။ ကျွန်တော်တို့ ဆက်လက်ပြီးတော့ ပုဂ္ဂလိက ကဏ္ဍအနေနဲ့ဖြစ်ဖြစ်၊ ဝန်ကြီးဌာနတွေအနေနဲ့ဖြစ်ဖြစ် ဆောင်ရွက်မယ့် အစီအစဉ်တွေ၊ ပြည်သူတွေ၊ ကုမ္ပဏီလုပ်ငန်းရှင်တွေ၊ အစိုးရဘက်က ၁၆ ခု လောက် ခွဲထားတဲ့ဌာနတွေကို အကြံပြုချင်တာရှိရင် ဒီနေရာကနေ တစ်ဦးချင်းစီက ပရိသတ်ကို အကြံပြုတာတွေ၊ ဖိတ်ခေါ်တာတွေ လုပ်ပေးပါဦး ခင်ဗျာ။

 

ဦးအောင်စိုး ။ ။ ကျွန်တော်က Communication အကြောင်းကို ဆက်ပြောချင်ပါတယ်။ အစိုးရဌာနအချင်းချင်း ကြားမှာ၊ အစိုးရနဲ့ ပုဂ္ဂလိကကြားမှာ Communication က အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့လည်း Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ကလည်း ဒါကိုစဉ်းစားတယ်။ ကျွန်တော်တို့မှာ အမြဲတမ်းတွဲထားတဲ့ World Bank က Consultant နှစ်ယောက်ရှိပါတယ်။ နိုင်ငံခြားသားတစ်ယောက်၊ local တစ်ယောက်ပါ။ သူတို့နဲ့တိုင်ပင်ပြီးတော့ Communication Strategy expert တစ်ယောက်လည်း World Bank က ကျွန်တော်တို့ကို ပေးပါတယ်။ ဒီ Communication တိုးတက်လာစေဖို့အတွက်ဖြစ်ပါတယ်။ Doing Business Website လည်း ကျွန်တော်တို့ စဆွဲနေပြီ။ Website အပေါ်မှာ Doing Business ချည်းပဲ တင်ထားရင် ပိုပြီးလွယ်ကူလာပါတယ်။ ဒါ့အပြင် မီဒီယာပေါင်းစုံနဲ့ Public-Private ၊ Public-Public မှာ Communication တွေ ကောင်းလာအောင် လုပ်သွားဖို့ ကျွန်တော်တို့ ရေးဆွဲနေပါပြီ။

 

ရေရှည်လုပ်မယ့် အဖွဲ့အစည်းတွေလိုတယ်

 

ဒါတွေပြီးသွားရင် ဒီထက်တိုးတက်တဲ့ အခြေအနေတွေဖြစ်လာမှာဖြစ်ပါတယ်။ နောက်တစ်ခုက Implementation ပါ။Doing Business က တစ်ကြိမ်တစ်ခါတည်းနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ နံပါတ် ၁ ရတောင် ဆက်လုပ်ရမှာဖြစ်တယ်။ ရေရှည်လုပ်ဖို့အတွက် ရေရှည်လုပ်မယ့်အဖွဲ့အစည်းတွေလိုတယ်။ 

 

ကျွန်တော်တို့က ဒီ Subjet ကို ကျွန်တော့်ဌာနက တာဝန်ယူ လုပ်ပါဆိုလို့ လောလောဆယ် ယာယီသဘောနဲ့ အရာရှိတွေစုဖွဲ့ ပြီးတော့ ကိုယ့်ဌာနမှာအရာရှိ မလုံလောက်လို့ တခြားဌာနက အရာရှိတွေပါ ခေါ်ပြီးတော့ လုပ်နေရတယ်။ ဒီ Subject တွေက ရှုပ်ထွေးတဲ့အတွက် လေ့ကျင့်မှုတွေ လုပ်ရသေးတယ်။ တာဝန်ယူမယ့် အရာရှိတွေကလည်း နားလည်မှု Language Skill ရော လိုအပ်တဲ့အဆင့်ရှိမှ နားလည်တာဖြစ်ပါတယ်။

 

ကျွန်တော် မလေးရှားနိုင်ငံကို သွားလေ့လာတဲ့အချိန်မှ အဲဒီနိုင်ငံမှာ ပီမူဒါဆိုတဲ့ အဖွဲ့အစည်းက ဒီ Doing Business အတွက်ကို သီးခြားဖွဲ့စည်းပြီးတော့ ဝန်ကြီးချုပ်ရဲ့အောက်မှာ တိုက်ရိုက်ထားပြီး လုပ်နေတယ်။ Private တစ်ဖွဲ့ကိုလည်း ထား ပေးတယ်။ သူတို့က အမြဲတွဲလုပ်နေတဲ့အတွက် ရေရှည်မှာ တိုးတက်လာတယ်။ သူတို့တောင် တစ်ခါတစ်ခါ ပြန်ကျသွားတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ သူတို့ရဲ့ ပြိုင်ဘက်တွေက သာသွားတာရှိတယ်။ ရှေ့သွားရင်းနဲ့ နောက်ပြန်ဆုတ်သွားတာတွေလည်းရှိတယ်။

 

ကျွန်တော်တို့က ဒီကိစ္စတွေကို အစဉ်တစိုက် ရေရှည်လုပ်ရမှာဖြစ်တဲ့အတွက် ရေရှည်မှာ လိုအပ်တဲ့စည်းမျဉ်းတွေ၊ လုပ်ပိုင်ခွင့်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖွဲ့စည်းမှုမျိုးလည်း သီးခြားလိုအပ်မယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ဌာနက Focal ဆိုတော့ Focal ဌာနရဲ့ ပင်မလိုသလိုပဲသက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရမယ့်ဌာနတွေမှာလည်း ဒီလို့ Unit တွေလုပ်ပြီး ပူးပေါင်းဆောင်ရွက်မှ ပိုမိုထိရောက်မယ်လို့မြင်တယ်။ အခုလက်ရှိလည်း ကျွန်တော်တို့လုပ်နေသလို နောင်ကျရင်လည်း ဒီထက်ပိုပြီး လုပ်နိုင်အောင် အဲဒါတွေကို ဆောင်ရွက်ထားဖို့လိုတယ်လို့ ဖြည့်စွက်ဆွေးနွေးလိုပါတယ်။

 

ဦးအောင်နိုင်ဦး ။ ။ကျွန်တော်ဆွေးနွေးချင်တာ Doing Business က ပြုပြင်ပြောင်းလဲမှု အမြဲလုပ်နေရတဲ့ လုပ်ငန်းစဉ်ဖြစ်တော့ ကျွန်တော်တို့က ရေရှည်လုပ်ရမယ့် လုပ်ငန်းတွေရှိတယ်။ ချက်ချင်းပြီးသွားတဲ့ လုပ်ငန်းတွေရှိတယ်။ ရေရှည်လုပ်ရတဲ့လုပ်ငန်းတွေမှာ ဘာတွေပါသလဲဆိုတော့ ဥပဒေတွေပြန်ပြီး ပြင်ဆင်ရမယ့်ကိစ္စတွေရှိတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ဆီမှာ Resolving Insolvency လူမွဲခံရမှု ဖြစ်စဉ်တွေကို ဖြေရှင်းတဲ့ Indicator ပေါ့။ ဒါနဲ့ပတ်သက်ပြီး ဘယ်တော့မှမကောင်းနိုင်သေးဘူး။ ဘာကြောင့်မကောင်းနိုင်သလဲဆိုရင် ကျွန်တော်တို့မှာ Insolvency နဲ့ ပတ်သက်တဲ့ဥပဒေ၊ လူမွဲခံယူခြင်းဥပဒေဆိုတာ ကျွန်တော်တို့ တိုင်းပြည်မှာ မရှိသေးဘူး။ အဲဒီဥပဒေပေါ်လာမှ ဒီ Score က တက်လာမှာဖြစ်တယ်။

 

ရေရှည်လုပ်ရမယ့်ကိစ္စတွေက ရှိနေသေးတယ်။ ကျွန်တော်တို့က လွှတ်တော်ရဲ့ အခန်းကဏ္ဍ ကိုမေ့လို့မရဘူး။ လွှတ်တော်က ဥပဒေတွေပြုပေးနေရတာဆိုတော့ ကျွန်တော်တို့က Doing Business Reform နဲ့ပတ်သက်ပြီး လွှတ်တော် ဘက်ကလည်း ဥပဒေပြုတဲ့အပိုင်းက တိုင်းပြည်ရဲ့ Doing Business ပတ်သက်ပြီးတော့ အဆင့်တက်လာဖို့အတွက် လိုအပ်တဲ့ဥပဒေတွေ ပြင်ဆင်ရေးဆွဲတဲ့အပိုင်း၊ အသစ်ရေးဆွဲတဲ့အပိုင်းမှာ လွှတ်တော်ဘက်က ပူးပေါင်းပါဝင်မှုလည်း လိုအပ်ပါတယ်။

 

ဒါကြောင့် ဒီစီးပွားရေးစကားဝိုင်းက တစ်ဆင့်လွှတ်တော် ကိုယ်စားလှယ်ကြီးများကိုလည်း ပူးပေါင်းပါဝင်ပြီး လိုအပ်တဲ့ဥပဒေတွေ တိုင်းပြည်မှာပေါ်လာအောင် ဆောင်ရွက်ပေးဖို့အတွက် လိုအပ်တယ်ဆိုတာကို မေတ္တာရပ်ခံလိုပါတယ်။ အရေးကြီးဆုံးက User ဖြစ်တဲ့ Private Sector ပါဝင်မှုက အဓိကဖြစ်ပါတယ်။ လွှတ်တော်ရဲ့ပါဝင်မှု၊ ပုဂ္ဂလိကကဏ္ဍရဲ့ပါဝင်မှု၊ ဝန်ကြီးဌာနတွေအားလုံးရဲ့ စည်းဝါးညီမှုဆိုတဲ့ ဒီသုံးခုပေါင်းမှ ကျွန်တော်တို့ လိုချင်တဲ့အဆင့်ကို သတ်မှတ်တဲ့ ကာလအတွင်းမှာရောက်သွားမယ်ဆိုတာ ယုံကြည်ပါတယ်လို့ ဖြည့်စွက်ပြောချင်ပါတယ်။

 

ဒေါ်ခိုင်ခိုင်နွယ်။ ။ Doing Business က ကျွန်မတို့နိုင်ငံမှာ ၂၀၁၃ ခုနှစ်ကစပြီး မိတ်ဆက်တာပါ။ Report က ၂၀၁၄ ခုနှစ်မှာ ထွက်တာဖြစ်ပါတယ်။ ငါးနှစ်သက်တမ်းဖြစ်ပါတယ်။ ဒီနှစ်ပါမှ ခြောက်နှစ်က အောက်တိုဘာမှ ထွက်လာမှာဆိုတော့ အမှန်တိုင်းပြောရင် ကာလက တိုတိုလေးရှိပါသေးတယ်။ အဲဒီတော့ ကျွန်မတို့ပုဂ္ဂလိကဘက်မှာလည်း ဒါကိုအများကြီး သိဖို့အတွက် လုပ်ရဦးမှာပါ။ ပူးပေါင်းဖို့အတွက် ဖြစ်ပါတယ်။ ဒါကိုလည်း ယုံကြည်ပါတယ်။ အဓိကအနေနဲ့ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းတွေကို ချောချောမွေ့မွေ့နဲ့ ရှင်သန်နိုင်ဖို့အတွက်ကို လုပ်ကြတာပါ။ ဒါနဲ့ပြီးမလားဆိုတော့ မဟုတ်ပါဘူး။ လုပ်ငန်းတွေချောမွေ့လာမယ်၊ ရှင်သန်လာမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပါလာမယ်။ နောက်ဆုံးမှာတော့ ဒီကိစ္စတွေက တိုင်းပြည်ရဲ့ သိက္ခာနဲ့ အများကြီးဆိုင်တယ်။

 

သူ့ကဏ္ဍနဲ့သူ ပူးပေါင်းဆောင်ရွက် ကိုယ့်ရဲ့တိုင်းပြည်သိက္ခာတက်ဖို့ဆိုရင် အစိုးရဌာနကလည်း ဌာနအလျောက်၊ ပုဂ္ဂလိကကဏ္ဍလည်း ပုဂ္ဂလိကအလျောက်အားလုံးက သူ့ကဏ္ဍနဲ့သူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒီခရီးက နည်းနည်းကြမ်းကောင်း ကြမ်းလိမ့်မယ်။ ဒါပေမယ့် ခရီးတွင်မယ်လို့ ထင်ပါတယ်။ ကျွန်မတို့ဘက်ကလည်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အနေနဲ့ လုပ်ငန်းရှင်တွေကို ဒါထက်ပိုပြီးပညာပေးဖို့ လုပ်မယ်။ နောက်ထပ်ကို ဒီလိုအခွင့်အရေးရရင်လည်း ပညာပေးတာမျိုးတွေ လုပ်ချင်တယ်။ ကုန်သည်စက်မှု အသင်းချုပ်ဘက်မှာလည်း Public Talk တွေလုပ်လေ့ရှိတယ်။ ဒီမှာလည်း ဖိတ်ခေါ် ပြီးတော့အခုလို စကားဝိုင်းတွေလုပ်ပြီး အများကြီး ပညာပေးမယ်ဆိုရင်တော့ အားလုံးပူးပေါင်းပါဝင်လာကြမယ်လို့ ထင်ပါတယ်။

 

ဒေါ်သီတာမြင့် ။ ။Ease of Doing Business အဖွဲ့အနေနဲ့ပြောရမယ်ဆိုရင်တော့ အောင်မြင်ချင်တယ်။ ကျွန်မတို့မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာပေါ်မှာ တကယ်ကို အဆင့်ကောင်းကောင်းနဲ့ အောင်မြင်ချင်ပါတယ်။ ဒါကြောင့်အများပြည်သူကလည်း ဝိုင်းပြီးပူးပေါင်းပေးကြပါ။ ဆောင်ရွက်ပေးကြပါ။ နောက်ပြီး ဌာနဆိုင်ရာတွေ အားလုံးကလည်း ပူးပေါင်းပေးကြပါလို့ ပြောချင်ပါတယ်။

 

အစီအစဉ်မှူး ။ ။ ဒီနေ့ကျင်းပတဲ့ စီးပွားရေး စကားဝိုင်းအတွက် နိဂုံးချုပ်ပေးပါဦး ခင်ဗျာ။

 

ဦးအောင်စိုး ။ ။ ကျွန်တော်တို့နိုင်ငံက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ အများကြီးရှိတဲ့အတွက် တိုးတက်သင့်တယ်။ တိုးတက်သင့်လျက် မတိုးတက်သေးတာကို အားမရကြဘူး။ အခုဆိုလည်း စီးပွားရေးနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ တော်တော်များတယ်။ စီးပွားရေးမတိုးတက်တာ ဘာကြောင့်လဲ၊ အခွင့်အလမ်းတွေ၊ သယံဇာတတွေ ရှိလျက်နဲ့ မတိုးတက်တာ ဘာကြောင့်လဲဆိုတော့ တစ်နည်းပြောရရင် စီးပွားရေးလုပ်ရတာ မလွယ်လို့ဆိုတဲ့ အဓိပ္ပာယ်လည်း ပေါက်နေပါတယ်။ Rank အရ ပြောရင်လည်း အာဆီယံမှာ နောက်ဆုံးအဆင့် ရောက်နေတယ်။ အဆင့် ၁၇၁ ဖြစ်နေတယ်။ ကျွန်တော်တို့က သိပ်ပြီးတော့ မြှောက်ပြောနေလို့မဖြစ်ဘူး။ အရှိတရားအရ လက်ရှိအားနည်းချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်။

 

နောက်တစ်ခုက တစ်ချိန်က စီးပွားရေး ပိတ်ဆို့တာ ခံခဲ့ရတယ်။ စီးပွားရေး ပိတ်ဆို့တုန်းကတော့ စီးပွားရေးပိတ်ဆို့လို့ဆိုပြီး မတိုးတက်ဘူးလို့ လက်ညှိုးထိုးလို့ရတယ်။ အခုချိန်မှာ စီးပွားရေးပိတ်ဆို့မှုကလည်း မရှိသလောက်ဖြစ်နေပြီ။ ဒီအချိန်မှာကြိုးစားရင်ရလျက်သားနဲ့ ဘာလို့မရလဲဆိုရင် ကိုယ့်ဌာနတွေ ကိုယ့်ပြည်တွင်းကပဲ ပြန်ပြီးတော့ ပိတ်ဆို့သလို မဖြစ်ဖို့လိုပါတယ်။ နောက်တစ်ခုက ဈေးကွက်စီးပွားရေးမှာ ပုဂ္ဂလိကကဏ္ဍက အဓိကဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍက အဓိကပေမယ့် ဈေးကွက်စီးပွားရေးဖြစ်တဲ့အတွက် အစိုးရဝင်မပါနဲ့လို့ တချို့က ပြောကြတယ်။ Doing Business ရှင်းပြတာကို ကြည့်လိုက်ရင် အစိုးရက ပါဝင်ရမယ်ဆိုတဲ့ အခန်းကဏ္ဍတွေကို အများကြီး ရှင်းရှင်းလင်းလင်း သိရပါတယ်။ ပါသင့်ပါထိုက်တဲ့နေရာမှာ အစိုးရက ပါဝင်ရမယ်။ ပါဝင်ပြီးတော့ ကူညီရမယ်၊ ဖြည့်ဆည်းပေးရမယ်။ ဒါမှ ပုဂ္ဂလိက ကဏ္ဍကလုပ်နိုင်မယ်။ ကူညီရမယ့်အစား ဌာနကြောင့် အခက်အခဲ အတားအဆီး ပိတ်ဆို့နေတယ်ဆိုရင် ဘယ်လိုမှ စီးပွားရေးမအောင်မြင်နိုင်ဘူး။ ပုဂ္ဂလိက ကဏ္ဍကလည်း စိတ်ထင်တိုင်းမလုပ်နိုင်ဘူး။ သူ့မှာအရင်းအနှီး ဘယ်လောက်ပဲရှိရှိ သူလည်းရင်းရဲမှာမဟုတ်ဘူး။ ပုဂ္ဂလိကကဏ္ဍနဲ့ အစိုးရဟန်ချက်ညီဖို့ လိုသလို၊ အစိုးရဌာန အချင်းချင်းကလည်း ညီဖို့လိုတယ်။ တစ်ယောက်ကလွယ်အောင်လုပ်ပြီး တစ်ယောက်ကထစ်နေတယ်ဆိုလည်း မအောင်မြင်နိုင်ဘူး။ ဒါကြောင့် ကိုယ့်နိုင်ငံရဲ့အခြေအနေတွေကို အစွမ်းကုန်ဖွင့်ပြီးတော့တိုးတက်အောင် လုပ်နိုင်ဖို့အတွက် ဟန်ချက်ညီညီ ကြိုးစားဖို့လိုတယ်ဆိုတာကို ဒီ Indicator တွေက သက်သေပြနေတာ ဖြစ်ပါတယ်။ Indicator နဲ့ပဲလုံလောက်တယ် မဟုတ်ပါဘူး။ ဒါသည် စနစ်တကျ Analyse လုပ်ပြီးတော့ ဖော်ထုတ်ထားတဲ့အတွက် ထင်ရှားတဲ့ သက်သေဖြစ်ပါတယ်။ ကိုယ့်ဌာနအလိုက် ကိုယ့်ရဲ့ Indicator ကို တိုးတက်အောင်လုပ်မယ်ဆိုရင် အများကြီး သိသာတဲ့တိုးတက်မှုတွေဖြစ်မှာပါ။

 

ကိုယ့်ဦးတည်ချက်နဲ့ကိုယ်ကြိုးစား

 

အခုလက်ရှိအခြေအနေမှာတော့ ကျွန်တော်တို့ရဲ့ အဆင့်ဟာ ၁၇၁ ဖြစ်နေတယ်။ Score ကတော့ ၄၄ ဒသမ ၂၁ ဖြစ်နေတယ်။ မနှစ်ကအဆင့်က ၁၇၀ ဖြစ်ပြီး ဒီနှစ်က ၁၇၁ ဖြစ်နေတော့ တစ်ဆင့်ကျသလိုဖြစ်ပေမယ့် မနှစ်က အမှတ်က ၄၃ ဒသမ၉၁ ရတယ်။ ဒီနှစ်ကတော့ ၄၄ ဒသမ ၂၁ ရတယ်ဆိုတော့ အမှတ်ကအဲဒီလို တက်လာတယ်။ ဒီအခြေအနေမှာ ရမှတ်ရော၊ အဆင့်ရော ဒီထက်တိုးတက်အောင် ကြိုးစားရပါမယ်။ အဓိကကတော့ ရမှတ်တိုးတက်ဖို့လိုပါတယ်။ တိုးတက်ဖို့အတွက်ကို သက်ဆိုင်ရာ Indicator အလိုက် သေသေချာချာကိုယ့်ရဲ့ ဦးတည်ချက်နဲ့ကိုယ် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ကလည်း တာဝန်ရှိတဲ့ဌာနအနေနဲ့ ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းပြီးတော့ ဒါတွေအားလုံးတိုးတက်ဖို့ ဘယ်ဟာကို အရင်လုပ်သင့်တယ်။ ဘယ်ဟာကို ဦးစားပေးလုပ်လိုက်ရင် ထိရောက်မယ်ဆိုတာကို Action Plan ဆွဲနေပါတယ်။

 

Action Plan ဆွဲပြီး သက်ဆိုင်ရာဌာနတွေကို အကြံဉာဏ်ပေးပြီးတော့ မြန်မြန် အကျိုးရှိမယ့်အရာတွေကို အရင်လုပ်ဖို့နဲ့ ရေရှည်အကျိုးရှိမယ့်အရာတွေလည်းလုပ်ဖို့ Action Plan ဆွဲပြီး လုပ်ဖို့ရှိပါတယ်။ ဒီလိုဆောင်ရွက်နေတာတွေကို သက်ဆိုင်ရာဌာနတွေ၊ အများပြည်သူတွေသိအောင်ပြောကြားခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ကြောင်းပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။

 

ကျော်သူထက်၊ မျိုးသူဟိန်း
ဓာတ်ပုံ-အေးသန်း