အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ လျှပ်စစ်ဝိုင်ယာသွယ်တန်းခြင်း သင်တန်းနှင့် ဆံပင်ညှပ် သင်တန်းဖွင့်ပွဲ

ဘားအံ မေ ၂၁

 

ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ တစ်ဦးချင်းဝင်ငွေများ မြင့်မားလာစေရေးအတွက် ကာလတိုသင်တန်း အပတ်စဉ်(၂/၂၀၂၂) အိမ်တွင်း လျှပ်စစ်ဝိုင်ယာ သွယ်တန်းခြင်းသင်တန်းနှင့် ဆံပင်ညှပ်သင်တန်းဖွင့်ပွဲကို မေ ၂၀ ရက်နေ့က အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ) ADRA အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ခေတ်တွင် နည်းပညာနှင့် သက်မွေးပညာရပ်များသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လာနေပြီး ကာလတို သက်မွေးပညာ သင်တန်းများသည် အလုပ်အကိုင်များအတွက် လုံလောက်သည့်အသိပညာ ခံယူချက်နှင့် အရည်အချင်းပြည့်ဝစေရန် သင်ကြားပေးကာ ကိုယ်ပိုင်တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများကို ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း၊ ကျွမ်းကျင်လုပ်သားရှားပါးမှုပြသနာကို ဖြေရှင်းပေးနိုင်ပြီး ဒေသတွင်းစီးပွားရေး ဈေးကွက်ဖော်ဆောင်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်ယူပြီးမြောက်သည့် ပညာရပ်များကို မိမိတို့၏ လူမှုပတ်ဝန်းကျင်တွင် ပြန်လည်အသုံးချခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ဝင်ငွေနှင့် လူမှုစီးပွားဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယနေ့ဖွင့်လှစ်သည့် ကာလတိုသင်တန်းများတွင် အိမ်တွင်းလျှပ်စစ်ဝိုင်ယာ သွယ်တန်းခြင်းသင်တန်းတွင် သင်တန်းသား ၂၀ ဦး၊ ဆံပင်ညှပ်သင်တန်းတွင် သင်တန်းသား ၁၀ ဦး တက်ရောက်လျှက်ရှိပြီး သင်တန်း ကာလမှာ မေ ၁၇  ရက်မှ  ဇွန် ၁၃    ရက်နေ့ထိ ကြာမြင့်မည်ဖြစ်ကာ ကျွမ်းကျင်သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပြသပေးသွားမည်ဖြစ်မည်။

 

သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အိမ်တွင်းလျှပ်စစ်ဝိုင်ယာ သွယ်တန်းခြင်းသင်တန်းနှင့် ဆံပင်ညှပ်သင်တန်းတို့တွင် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)