အစွန်းမလွတ်၊ အစွန်းမရောက်ကြစေလိုပါ

မောင်စာဂ

 

55

 

အချို့အချို့သော အရေးအသား၊ ပြောဆိုမှုများအပေါ် အစွန်းမလွတ်၊ အစွန်းရောက်သည်ဟူ၍ ပြောကြ၊ ဆိုကြသည်များ ကြားရတတ်သည်။ ဤတွင် အစွန်းဆိုသည်မှာ အဘယ်နည်း။ အစွန်းရောက်ဆိုသည်ကလည်း မည်သည်ကိုပြောပါသနည်း ဆင်ခြင်စောကြောမိသည်။ မြန်မာအဘိဓာန်တွင် ဖော်ပြချက်အစွန်းဟူသည် 'အဆုံး' ၊ 'အဖျား'၊ 'အစွန်း'ဟူ၍လည်းကောင်း၊ 'အစွန်အဖျားနေရာ'၊ 'ပိုလွန်သောနေရာ' ဟူ၍လည်းကောင်း ဖော်ပြထားသည်။

အစွန်းမလွတ်ဟူသည် ပြုမှု၊ ပြောဆိုမှုသည် သူတစ်ပါးကို ထိခိုက်နစ်နာစေရာရောက်သည်ဟု ဖော်ပြထားသည်။ အစွန်းရောက်ဟူသည် အယူအဆ၊ ယုံကြည်မှုစသည် တစ်ဖက်သို့ ရောက်လွန်းသည်ဟူ၍ ဖော်ပြထားသည်။ မှတ်သားခဲ့ဖူးသည်များဖြစ်သင့်ဖြစ်ထိုက်၊ ရှိသင့်ရှိထိုက်သည်ထက်ပိုမို၍ လွန်လွန်ကဲကဲ ၊ ပြင်းပြင်းထန်ထန် ပြုမူပြောဆို၊ နေထိုင်သွားလာ၊ တွေးခေါ်ယူဆ၊ ယုံကြည်ခြင်းဟူသမျှသည် အစွန်းရောက်ခြင်း ဖြစ်သွားတတ်သည်တဲ့။

 

သူတစ်ပါးကို ထိခိုက်နစ်နာစေရာရောက်သည့် ပြုမူပြောဆို၊ နေထိုင်သွားလာ၊ ရေးသားထုတ်ဖော်၊ ဝေဖန်ဟောပြောခြင်းဟူသမျှသည် အစွန်းမလွတ်ဖြစ်သွားတတ်သည်တဲ့။ မလိုစေနဲ့၊ မလွန်စေနဲ့၊ မလွတ်စေနဲ့။ လိုလျှင်ဖြည့်လို့ရသည်။ လွန်လျှင်ထိန်းလို့ရသည်။ လွတ်သွားလျှင်တော့ ထိန်းလို့မရတော့၊ အစွန်းရောက်သွားပြီတဲ့။ မလျော့မတင်း၊ စောင်းကြိုးညှင်း။ လျော့လွန်းလျှင်လည်း ပတ်တတ်တယ်၊ ဒါကအစွန်းတစ်ပါး။ တင်းလွန်းလျှင်လည်း ပြတ်တတ်တယ်၊ ဒါကအစွန်းတစ်ပါး။ ဒီအစွန်းနှစ်ပါးကို ရှောင်ရမယ်ပေါ့တဲ့။

 

ဖြစ်တတ်သည့်သဘောရှိသော လက်ဝဲစွန်း၊ လက်ယာစွန်း အစွန်းနှစ်ပါးကိုရှောင်၍ မဇ္ဈိမပဋိပဒါ နည်းကိုကျင့်ပါ၊ မဇ္ဈိမပဋိပဒါသည် အစွန်းနှစ်ပါးလွတ်ကင်း၍ အလယ်အလတ်ကျင့်သော လမ်းစဉ်ဖြစ်သည်။ အလယ်အလတ်ဟုဆိုရာတွင် ခြံစည်းရိုးခွထိုင်သော ကျင့်စဉ်မျိုးမဟုတ်။ မတရားမှုနှင့် တရားမှုတွင် မတရားမှုကိုပယ်၍ တရားမှုဘက်သို့လိုက်သော ကျင့်စဉ်ဖြစ်သည်။ အမှားနှင့်အမှန်တွင် အမှားကိုပယ်၍ အမှန်ဘက်သို့လိုက်သော ကျင့်စဉ်ဖြစ်သည်။ အရှိကိုအရှိ၊ ပကတိအတိုင်း ယထာဘူတကျကျ တွေးခေါ်၊ မြော်မြင်၊ ကျင့်ကြံသည့် လမ်းစဉ်ဖြစ်သည်တဲ့။ လွတ်လပ်စွာပြောကြရာတွင် ဒီမိုကရေစီခေတ်၊ ဒီမိုကရေစီစနစ်တွင် လွတ်လပ်စွာတွေးတော ဟောပြော၊ ရေးသား၊ ပြောကြားနိုင်သည်ဆိုပြီး လွတ်လပ်စွာပြောဆိုရေးသား ဟောပြောတတ်ကြသည်။ ထိုသို့ ရေးသားပြောဆို ဟောပြောကြခြင်းဖြင့် အစွန်းရောက်၊ အစွန်းမလွတ် ဖြစ်သွားတတ်ကြသည်။ အစွန်းရောက်၊ အစွန်းမလွတ်ခြင်းဖြင့် သူတစ်ဦး၏ဂုဏ်သိက္ခာကို နစ်နာထိခိုက်စေတတ်သည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်လိုမုန်းတီးစိတ်များ ပေါ်ပေါက်ရာရောက်စေတတ်သည်။ အုပ်ချုပ်သူအဖွဲ့အစည်းများ၊ တရားရေးအဖွဲ့ များ၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် ပြည်သူများအထင်မှားပြီး ယုံကြည်မှုများပျက်ပြားသွားရာ ရောက်တတ်သည်။ ပြည်သူများ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားရာရောက်စေတတ်သည်။ ဤသို့ဖြစ်လျှင် ဥပဒေပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ရာရောက်သည်အထိ ဖြစ်သွားပါက ထိုသို့သော အစွန်းရောက် အစွန်းမလွတ်မှုများသည် တရားဥပဒေကြောင်းအရ တရားစွဲဆို အရေးယူမှုများခံရ နိုင်သည်။ ဥပဒေနှင့်အညီ ဥပဒေဘောင်အတွင်းက ရေးသား၊ ပြောဆို၊ ဟောပြောကြဖို့ လိုအပ်မည်ကို သတိပြုဆင်ခြင်ကြရမည်။ ဥပဒေပြဋ္ဌာန်းချက်သဘော ဥပဒေသဘောတွင် အစွန်းမလွတ်၊ အစွန်းရောက် ရေးသား၊ ပြောဆို၊ ဟောပြောကြခြင်းဖြင့် ဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ကို မလိုက်နာဆန့်ကျင်၍ ဖောက်ဖျက်ခဲ့လျှင် တရားစွဲဆိုအရေးယူ အပြစ်ဒဏ်စီရင်သည်။ ထပ်ကာထပ်ကာ ဖောက်ဖျက်ကျူးလွန်လျှင် ထပ်ကာထပ်ကာ တရားစွဲဆို အပြစ်ဒဏ်စီရင်သည်။

 

တစ်ခါတစ်ရံ ဥပဒေပါပြဋ္ဌာန်းချက်ကို သာမန်သမားရိုးကျ ဆန့်ကျင်ဖောက်ဖျက်ကျူးလွန်သည်မဟုတ်ဘဲ ပိုမို၍ လွန်လွန်ကဲကဲ ပြင်းပြင်းထန်ထန် ပြုမူဆောင်ရွက်လာခဲ့သော် ဥပဒေပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ရာရောက်သည်သာမကတော့ဘဲ အစွန်းရောက်သူအဖြစ် ဖြစ်သွားတတ်သည်။ဥပဒေပြဋ္ဌာန်းချက်များကို သာဓကအားဖြင့် ဖော်ပြရလျှင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၅၃ (က) အမျိုးအစားတစ်ခုနှင့်တစ်ခု ရန်ငြိုးထားစေရန် အားပေးအားမြှောက်ပြုခြင်း၊ ပုဒ်မ ၅၀ဝ ဂုဏ်သိက္ခာ အသရေဖျက်ခြင်း၊ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေခြင်း၊ ပုဒ်မ ၁၂၄ (က) အစိုးရကို အကြည်ညိုပျက်အောင်ပြုခြင်း စသည်တို့သည် ရေးသားပြောဆိုရာမှ အစွန်းမလွတ်၊ အစွန်းရောက်သွားတတ်၍ ငြိစွန်းသွားနိုင်သော ပြဋ္ဌာန်းချက်များဖြစ်သည်။ တရားရုံးနှင့် တရားစီရင်ရေးလုပ်ငန်းများအပေါ် ထိခိုက်ခြင်း၊ အများပြည်သူယုံကြည်မှုပျက်ပြားစေရန် မထီမဲ့မြင် ရေးသားပြောဆို ပြုမူဆောင်ရွက်ပါက တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေအရ ငြိစွန်းသွားတတ်ပါသည်။ အစွန်းမလွတ်၊ အစွန်းရောက်သော ရေးသားပြောဆိုမှုများကို ဆက်သွယ်ရေးနည်းလမ်းများဖြင့် အသုံးပြုခဲ့ပါက ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းသွားတတ်မည်ကို သတိမူကြရပါမည်။ မိမိသည်လည်းဆင်ခြင်လျက်ပါ မိမိကိုယ်တိုင်လည်း စာရေးဝါသနာပါသူ တစ်ယောက်ဖြစ်သည်နှင့်အညီ စာတစ်စောင် စာတစ်ပိုဒ်ရေးသည့်အခါတိုင်း အစွန်းရောက်သွားသလား၊ အစွန်းမလွတ်ဖြစ်သွားသလား၊ ထပ်ကာထပ်ကာ စိစစ် ဖတ်ရှုရသည်။ မိမိနှင့် ခင်မင်ရင်းနှီးသူများအား ပြသ၍ ဖတ်ရှုစေသည်။ အစွန်းမလွတ် အစွန်းရောက်သွားမည်ကိုမလိုလားပါ။ စိုးရိမ်စိတ်အမြဲထားရှိသည်။ နှုတ်ဖြင့်ပြောဆိုရာတွင်လည်း အစွန်းလွတ် အစွန်းမရောက်အောင် အမြဲသတိထား ဆင်ခြင်ရသည်။ မိမိပြောဆို ရေးသားချက်များ အစွန်းရောက် အစွန်းမလွတ်လျှင် မိမိတွင်လည်း အကျိုးမရှိ ၊ သူတစ်ဦးတစ်စုအတွက်လည်း အကျိုးမရှိ၊ ပတ်ဝန်းကျင်ကိုလည်း ကောင်းကျိုးမပြုနိုင်။ငယ်စဉ်ကသင်ယူခဲ့၊ မှတ်သားဖူးခဲ့သည်များကို အမြဲဆင်ခြင်နေမိသည်။ နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ၊ ကြမ်းကျွံနုတ်ရ ၊ စကားကျွံ၍နုတ်မရ၊ နှုတ်ချို သျှိုတစ်ပါး၊ နှုတ်ကောင်းလျှင် ပြည်စိုး၊ စကားစကားပြောပါများ စကားထဲကဇာတိပြ၊ ချစ်အောင်ပြောလည်းဒီစကား၊ မုန်းအောင်ပြောလည်းဒီစကား၊ အသံကြောင့် ဖားသေ၊ အလျှောက်ကောင်း အထောင်းလွတ်၊ ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာဖြစ်သော တစ်ယောက် စကား၊ တစ်ယောက်နားမှာ မခါးရအောင် သတိဆောင်၍ မောင်တို့ဆိုလေ ပျားသကာသို့ ချိုလှစေ စသည်။ ဤသည်တို့ကား ရေးသား၊ ပြောဆို၊ ဟောပြောရာတွင် အစွန်းမလွတ်၊ အစွန်းရောက်ခြင်းမရှိစေသည့် အခြေခံပြည်သူ့နီတိများပင် ဖြစ်သည်။ ပြည်သူ့နီတိ၊ ပြည်သူ့ကျင့်ဝတ်များကို ထာဝစဉ်နှလုံးသွင်းလျက် အစွန်းမလွတ်၊ အစွန်းရောက်ခြင်းများကို ရှောင်ကြဉ်ကာ ရေးသား၊ ပြောဆို၊ ဟောပြောကြခြင်းဖြင့် ပျော်ရွှင်ချမ်းမြေ့ဖွယ် လူ့ဘောင်အဖွဲ့အစည်းတစ်ခု တည်ဆောက်ကြရပါမည်။တရားနှင့်အညီ ပြောဆိုရေးသားကြပါစို့မုသားမပါ လင်္ကာမချော ပြောဆိုရေးသားကြသည်များ၊ မုသားချိုချိုဟု ဆိုကြသည်များမှာ လွဲမှားသော အတွေးအခေါ် အယူအဆများသာဖြစ်သည်။ လိမ်လည်လှည့်ဖြား သူတစ်ပါး အကျိုးပျက်စီးစေသောစကား၊ ရုန့်ရင်းကြမ်းတမ်းသောစကား၊ ဝအနှစ်မရှိသိမ်ဖျင်းပေါ့ပြက်သောစကား၊ မလိုမုန်းထား ရန်ငြိုးပွားစေသည့် ကုန်းတိုက်ပြောဆိုသောစကားများကို ရှောင်ကြဉ်ကြရပါမည်။ ယနေ့ကာလ အပြောခံရသူနှင့် ပတ်ဝန်းကျင် ဆက်စပ်ပတ်သက်သူများကိုသာမက လူ့လောကတစ်ခုလုံးကိုပါ ပျက်စီးစေနိုင်သည်ကို သတိပြုကြရပါမည်။နှုတ်ဖြင့်ပြောဆိုရာတွင်ဖြစ်စေ၊ နှုတ်ဖြင့်ပြောဆိုသည်ကို စာဖြင့်ရေးသား၍ဖြစ်စေ၊ ဆက်သွယ်ရေး နည်းပညာတစ်ခုခုဖြင့်ဖြစ်စေ ပြောဆိုရာတွင် သူတစ်ဦး၊ သူတစ်စု၊ သူတစ်ဖွဲ့၊ ပြည်သူအများ၏ ကောင်းကျိုးဖြစ်ထွန်းစေဖို့ လိုအပ်သည်။ ဗုဒ္ဓမြတ်စွာကလည်း လူတွင်ဖြစ်ထွန်းသော စကားကြီးခြောက်ခွန်းကို ဟောပြောညွှန်ပြခဲ့ရာ ယင်းစကားကြီးခြောက်ခွန်းထဲက မှန်လည်းမှန်၊ အကျိုးလည်းဖြစ်စေသည့် စကားနှစ်ခွန်းကိုသာ ပြောကြားရန် မိန့်မြွက်ခဲ့သည်။အစွန်းမရောက်၊ အစွန်းလွတ်အောင်အချုပ်အားဖြင့်ဆိုရလျှင် မြတ်ဗုဒ္ဓ၏ သုဂတဂုဏ်တော်ကို အစဉ်အမြဲ စိတ်ဝယ်ကိန်းလျက် ကောင်းသော စကားကိုသာ ဆိုတတ်ကြဖို့ ကြိုးစားရပါမည်။ စကားအရာ အင်္ဂါငါးတန်ဆိုသည့်အတိုင်း ပြောသင့်သည့်အချိန်အခါမှာ မှန်ကန်သည့်စကားကိုသာ သိမ်မွေ့ညင်သာစွာဖြင့် အကျိုးစီးပွားဖြစ်ထွန်းစေသောငှာ မေတ္တာစိတ်ရည်သန်၍ ပြောကြဆိုကြ၊ ရေးသားကြမည်ဆိုလျှင် လူ့ဘောင်လောကတစ်ခုလုံး ထာဝစဉ်အေးငြိမ်းချမ်းသာ ရှိနေမည်ဖြစ်ကြောင်းပါဗျာ။

 

- ပြုမူပြောဆို နေထိုင်လုပ်ကိုင်ဆောင်ရွက်မှုများ အစွန်းလွတ်ကြပါစေ၊

- တွေးခေါ်၊ ယုံကြည်၊ ယူဆလုပ်ကိုင်ဆောင်ရွက်မှုများ အစွန်းရောက်ခြင်းမှ ရှောင်ကြဉ်နိုင်ကြပါစေ၊

- အများအကျိုးရှိစေသည်ကိုသာ ဥပဒေဘောင်

အတွင်းမှ ရေးသားပြောဆိုနိုင်ကြပါစေ။