အစဉ်အလာကြီးမားသော လျှပ်စစ် စစ်ဆေးရေးဌာနနှင့် ဘွိုင်လာစစ်ဆေးရေးဌာနများ အပိုင်း(၂)

သိပ္ပံစာရေးဆရာကိုကိုအောင်

 

တော်လှန်ရေးကောင်စီလက်ထက် ဘွိုင်လာအက်ဥပဒေ
ဘွိုင်လာများကို စစ်ဆေးမှတ်ပုံတင်ခြင်း၊ စာရင်းမှပယ်ဖျက်ခြင်းတို့သည် ၁၉၂၂ ခုနှစ် ဘွိုင်လာအက်ဥပဒေပါ စည်းမျဉ်း ဥပဒေနှင့် နည်းဥပဒေများအရ ဖြစ်သည်။ ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သောကြောင့် အခါ အားလျော်စွာ ပြင်ဆင်ဖြည့်စွက်ခြင်းတချို့ ရှိခဲ့သော်လည်း တော်လှန်ရေးကောင်စီအစိုးရ ခေတ်ကာလ၏ စက်မှုလက်မှု လုပ်ငန်းများက တိုးတက်များပြားလာချိန်တွင် အံမဝင် ခေတ်မမီတော့သော အခြေအနေမျိုး ဖြစ်လာခဲ့သည်။ သို့ရာတွင် ဘွိုင်လာများကို တိကျမှန်ကန်စွာ စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ခြင်းမှာ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအတွက် မရှိမဖြစ် အထူးလိုအပ်လှသည်။

ထို့ကြောင့်ပင် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ဘွိုင်လာအက်ဥပဒေ ၃၄(၂)အရ အသုံးပြုခွင့်ပေးရာတွင် ဘေးအ္တရာယ်မဖြစ်စေရေးအတွက် ဘွိုင်လာကို မီးထိုးအသုံးပြုနေစဉ်၌ သွားရောက်စစ်ဆေးခဲ့ကြသည်။ ထိုကဲ့သို့ စစ်ဆေးရာ တွင် ဘွိုင်လာစစ်ဆေးရေး အရာရှိချုပ်က တိုက်ရိုက်ညွှန်ကြားပြသ ကြီးကြပ်အုပ်ချုပ်ကာ စက်ရုံအလုပ်ရုံများသို့ သွားရောက် စစ်ဆေးစေခဲ့ခြင်း ဖြစ်သည်။ ဘွိုင်လာစစ်ဆေးရေးဌာနက ၁၉၆၀-၁၉၆၁ ခုနှစ်မှ ၁၉၆၃-၁၉၆၄ ခုနှစ်အထိ ဘဏ္ဍာရေးနှစ် အလိုက် စစ်ဆေးခဲ့သော ဘွိုင်လာပေါင်းမှာ ၁၉၆၀-၁၉၆၁ ခုနှစ်က ၁၇၃၁ လုံး၊ ၁၉၆၁-၁၉၆၂ ခုနှစ်က ၁၈၁၄ လုံး၊ ၁၉၆၂-၁၉၆၃ ခုနှစ်က ၁၉၉၄ လုံးနှင့် ၁၉၆၃-၁၉၆၄ ခုနှစ်က ၁၇၉၁ လုံးတို့ ဖြစ်ကြသည်။

ဘွိုင်လာစစ်ဆေးရေးဌာနခွဲ၏ နယ်စစ်ဆေးရေး အရာရှိများသည် မော်လမြိုင်၊ မန္တလေးနှင့် ပုသိမ်မြို့များ၌ ရုံးစိုက်ပြီး ကျန် စစ်ဆေးရေးအရာရှိများက ရန်ကုန်တွင် ရုံးစိုက်သည်။ ရန်ကုန်တိုင်း ဘွိုင်လာစစ်ဆေးရေးဌာနသည် ရန်ကုန်တိုင်းအတွက် လည်းကောင်း၊ မ္တလေးတိုင်း ဘွိုင်လာစစ်ဆေးရေး ဌာနသည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့အတွက်လည်းကောင်း၊ ပဲခူးတိုင်း ဘွိုင်လာစစ်ဆေးရေး ဌာနသည် ပဲခူးတိုင်းအတွက် လည်းကောင်း၊ မွန်ပြည်နယ် ဘွိုင်လာစစ်ဆေးရေးဌာနသည် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့အတွက်လည်းကောင်း၊ ဧရာဝတီတိုင်း ဘွိုင်လာစစ်ဆေးရေး ဌာနသည် ဧရာဝတီတိုင်းအတွက် လည်းကောင်း၊ ဘွိုင်လာစစ်ဆေးရေး (ရုံးချုပ်)သည် ရခိုင်ပြည်နယ်အတွက်လည်းကောင်း တာဝန်ယူခဲ့ကြသည်။

ဘွိုင်လာစစ်ဆေးရေးဌာန၏ တာဝန်များ
စက်ရုံအလုပ်ရုံအတွင်း ဘွိုင်လာများ မတော်တဆချွတ်ယွင်းမှုနှင့် ပေါက်ကွဲမှုတို့ကြောင့် လူ့အသက်နှင့် ပစ္စည်းဥစ္စာ ဆုံးရှုံး မှုများမှ ကာကွယ်ရန်နှင့် ဘွိုင်လာများကို ကြာရှည်စွာအသုံး ပြုနိုင်ရန်အတွက် စနစ်တကျ အသုံးပြုခြင်း၊ ကောင်းမွန်စွာ ကြီးကြပ်ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်းများအပေါ် ညွှန်ကြားချက်များ ချမှတ်ပေးရန်မှာ ဘွိုင်လာ စစ်ဆေးရေးဌာန၏ အဓိက ဆောင်ရွက်ရမည့် တာဝန်များပင်ဖြစ်သည်။ ထို့ကြောင့်ပင် ဘွိုင်လာစစ်ဆေးရေး ဌာနအနေဖြင့် ပြည်သူပိုင်လုပ်ငန်းများတွင် အသုံးပြုနေသော ဘွိုင်လာများကိုသာမက ပုဂ္ဂလိကပိုင်လုပ်ငန်းများ၌ အသုံးပြုနေကြသော ဘွိုင်လာများကိုပါ စနစ်တကျ ဖြစ်စေရန်အတွက် စစ်ဆေးကြရသည်။ ဘွိုင်လာသုံးစွဲမှုကို လေ့လာကြည့်လျှင် ၈၇ ရာခိုင်နှုန်းမှာ ပုဂ္ဂလိကပိုင်းတွင် ရှိနေသည့် ဆန်စက်၊ သစ်စက်နှင့် ဆီစက်များ၌ အများဆုံး သုံးစွဲကြကြောင်း တွေ့ရှိခဲ့ကြရသည်။

နိုင်ငံအတွင်း စက်မှုလက်မှုလုပ်ငန်းများနှင့် စက်ရုံကြီးများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အားနှင့် သဘာဝ ဓာတ်ငွေ့များကို အသုံးပြုနိုင်ရန်အတွက်လည်း နိုင်ငံတော်အစိုးရက ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ ဘွိုင်လာသုံးစွဲမှုသည် အချို့စက်မှုလုပ်ငန်းများ၌ မရှိမဖြစ် လိုအပ်နေသေးသည်မှာ မှန်သော်လည်း အချို့သော စက်မှုလုပ်ငန်းများ အတွက်မူ ခေတ်နောက်ကျနေပြီဟုပင် ဆိုနိုင်သည်။ သို့ရာတွင် ဘွိုင်လာစစ်ဆေးရေးဌာန၏ တာဝန်များကမူ မသေးလှပေ။ လုပ်သား များ၏ အသက်အန္တရာယ်နှင့် စက်ရုံအလုပ်ရုံတို့၏ ငွေပင်ငွေရင်းတန်ဖိုးသည် စက်ရုံသုံးဘွိုင်လာများအပေါ်၌ တည်မီ နေသည်ဟု ဆိုနိုင်သည်။ ဘွိုင်လာပေါက်ကွဲမှု ဖြစ်ပွားနိုင်သည့် အရေးကို စိုးရိမ်ရသဖြင့် အစဉ်သတိကြီးစွာထားရန် လိုအပ်သည်။ ထို့ကြောင့်ပင် ဘွိုင်လာစစ်ဆေးရေးဌာနခွဲသည် သုံးစွဲမှုသက်တမ်းအလွန်ရင့်သော ဘွိုင်လာများကို စစ်ဆေး ခြင်းနှင့် ပြုပြင်ခြင်းများကို ဆောင်ရွက်ရာတွင် ကြီးလေးသော တာဝန်ကိုယူကာ သတိကြီးစွာဖြင့် ဆောင်ရွက်ကြရသည်။

အလားတူပင် ကြီးလေးသောတာဝန်များကို ထမ်းဆောင်နေရသည့် လျှပ်စစ်စစ်ဆေးရေး ဌာနအနေဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်း စသောတိုင်းကြီး ငါးတိုင်းတွင် လျှပ်စစ်စစ်ဆေးရေး ဌာနခွဲများကို ဖွင့်လှစ်ပေးခဲ့ပြီး လိုအပ်သည့် လုပ်ငန်းဆောင်တာများကို ခွဲဝေဆောင်ရွက်စေခဲ့သည်။ ထိုကဲ့သို့ ခွဲဝေပေးခဲ့ရာတွင် ရန်ကုန် တိုင်း လျှပ်စစ်စစ်ဆေးရေးဌာနသည် ရန်ကုန်တိုင်းအတွက် လည်းကောင်း၊ မန္တလေးတိုင်း လျှပ်စစ်စစ်ဆေးရေးဌာနသည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့အတွက်လည်းကောင်း၊ ပဲခူးတိုင်း လျှပ်စစ်စစ်ဆေးရေးဌာနသည် ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့အတွက် လည်းကောင်း၊ မကွေးတိုင်း လျှပ်စစ်စစ်ဆေးရေးဌာနသည် မကွေးတိုင်းအတွက် လည်းကောင်း၊ ဧရာဝတီတိုင်း လျှပ်စစ် စစ်ဆေးရေးဌာနသည် ဧရာဝတီတိုင်းအတွက်လည်းကောင်း၊ လျှပ်စစ်စစ်ဆေးရေးဌာန (ရုံးချုပ်)သည် ရခိုင်ပြည်နယ် အတွက်လည်းကောင်း လုပ်ငန်းတာဝန်များကို ခွဲခြား၍ တာဝန်များကို အသီးသီးထမ်းဆောင်ခဲ့ကြသည်။

လျှပ်စစ်ဝေါဟာရဘဏ်
၁၉၇၀-၁၉၇၁ ဝန်းကျင်တွင် ရန်ကုန်စက်မှုတက္ကသိုလ်က ဦးစီးပြီး လျှပ်စစ်ဝေါဟာရဘဏ် (Terminology)ကို လျှပ်စစ် အဖွဲ့ငယ် (Electrical Sub Committee) အနေဖြင့် ပြုစုရာတွင် လျှပ်စစ်စစ်ဆေးရေးဌာန တာဝန်ခံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ပါဝင်ခဲ့သည်။ ထိုအဖွဲ့ငယ်က ပြုစုသော ဝေါဟာရဘဏ်ကို တက္ကသိုလ်များ ဝေါဟာရဘဏ်ပြုစုရေးအဖွဲ့ (Main Committee) သို့ တင်ပြပြီး ရူပဗေဒဌာနမှ ပြုစုသော ဝေါဟာရများနှင့် ညှိနှိုင်းသတ်မှတ်ခဲ့သည်။

၁၉၄၈ ခုနှစ်က ဗြိတိသျှတို့ထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ထိုစဉ်က စက်မှုလက်မှုနှင့် သတ္တုတွင်းဝန်ကြီး ဌာန၏ လက်အောက်သို့ သွတ်သွင်းခဲ့သော လျှပ်စစ်စစ်ဆေးရေးဌာနမှာ စက်မှုလက်မှုဝန်ကြီးဌာနနှင့် သတ္တုတွင်းဝန်ကြီးဌာန နှစ်ခုကို သီးခြားခွဲထုတ်လိုက်သည့် ၁၉၅၃ ခုနှစ်တွင် စက်မှုလက်မှုဝန်ကြီးဌာန၏ လက်အောက်သို့ ရောက်ရှိသွားခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် စက်မှုလက်မှုဝန်ကြီးဌာနသည် စက်မှုဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲသွားခဲ့ပြီး ထိုမှ တစ်ဆင့် ၁၉၇၅ ခုနှစ်အရောက်တွင် စက်မှုဝန်ကြီးဌာနကို အမှတ်(၁)နှင့် အမှတ်(၂)ဟူ၍ ဝန်ကြီးဌာနနှစ်ခုဖြစ် ခွဲခြားဖွဲ့စည်းခဲ့သည်။ ထိုအပြောင်းအလဲတွင် အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ ဒေသန္တရ စက်မှုလက်မှုကြီးကြပ်ရေးနှင့် လုပ်ငန်းစစ်ဆေးမှု ညွှန်ကြားရေးဦးစီးဌာန လက်အောက်သို့ ရောက်ရှိခဲ့သော လျှပ်စစ်စစ်ဆေးရေးဌာနသည် ဝန်ကြီးဌာနအမည်များကို အမျိုးမျိုး ပြောင်းလဲခဲ့သည့် ခေတ်အဆက်ဆက် ကာလတစ်လျှောက်လုံးတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများနှင့် သုံးစွဲသူ ပြည်သူများအကြား လျှပ်စစ်စစ်ဆေးသည့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ‘နိုင်ငံတကာစံချိန်စံညွှန်းများ၊ နည်းပညာများကို အခြေခံလျက် တရားမျှတ တိကျမှန်ကန်သော နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်’ ဟူသည့် နိုင်ငံတော်မှ ယုံကြည်စွာ အပ်နှင်းထားသော တာဝန်များဖြင့်ယနေ့ထိတိုင် အရှိန်အဟုန်မပျက် ထမ်းဆောင် လျက်ရှိနေကြောင်း တွေ့ရှိရသည်။

၁၉၇၂ ခုနှစ်က စက်မှုဝန်ကြီးဌာန လက်အောက်တွင် လုပ်ငန်းစစ်ဆေးမှု ညွှန်ကြားရေး ဦးစီးဌာနအဖြစ် ရှိနေခဲ့ရာမှ ၁၉၇၃ ခုနှစ်တွင် အမည်ပြောင်းခဲ့ရသော ဒေသန္တရ စက်မှုလက်မှု ကြီးကြပ်ရေးနှင့် လုပ်ငန်းစစ်ဆေးမှု ညွှန်ကြားရေး ဦးစီးဌာနသည် ၁၉၉၉ ခုနှစ်အရောက်တွင် စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနအဖြစ် ထပ်မံအမည်ပြောင်းလဲ သွားခဲ့ပြန်သည်။ ၂၀၁၁ ခုနှစ်အရောက်တွင် အမှတ်(၁)နှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာနများကို စက်မှုဝန်ကြီးဌာနအဖြစ် တစ်ပေါင်းတည်း ပြန်လည် စုစည်းလိုက်ပြန်ရာတွင်လည်း ထိုအမည်ဖြင့်ပင် ဆက်လက်တည်ရှိနေခဲ့ရာ ယနေ့အထိတိုင် ဖြစ်သည်။

လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး
လျှပ်စစ်ဓာတ်အားကို သုံးစွဲနေကြသော မည်သည့် ကမ္ဘာ့နိုင်ငံများ၌မဆို လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူမှန် သမျှသည် First Party ဖြစ်ပြီး သက်ဆိုင်ရာ လျှပ်စစ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ဗို့အား၊ ကြိမ်နှုန်းတို့ဖြင့်သာ ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးသွယ်တန်း ပေးကြရမည်ဖြစ်သည်။ ထို့အတူ အများပြည်သူ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက်လည်း လိုအပ်သော ကာကွယ်မှုဆိုင်ရာ ကိရိယာများကို အပြည့်အစုံ တပ်ဆင်ပေး ရန် တာဝန်ရှိကြသည်။

လျှပ်စစ်ဓာတ်အားကို ဝယ်ယူသုံးစွဲကြသော ပြည်သူများက Second Party ဖြစ်ပြီး လျှပ်စစ်ဓာတ်အားကို စနစ်တကျ သုံးစွဲကြရန် တာဝန်ရှိသည်။ နေအိမ်သုံး၊ စက်ရုံအလုပ်ရုံသုံး၊ လုပ်ငန်းသုံးအတွက် လျှပ်စစ်ကို ရယူသုံးစွဲကြရာတွင် အရည် အသွေးပြည့်မီသော လျှပ်စစ်ပစ္စည်းများကိုသာ သုံးစွဲကြရန် လိုအပ်သလို လျှပ်စစ်ဆိုင်ရာ သွယ်တန်းတပ်ဆင်မှုများ အတွက်လည်း သက်ဆိုင်ရာက အသိအမှတ်ပြုထားသည့် လက်မှတ်ရ လျှပ်စစ်ကျွမ်းကျင် လုပ်သားများဖြင့်သာ နည်းလမ်း မှန်ကန် စနစ်ကျစွာ ဆောင်ရွက်ကြရန်လိုအပ်သည်။

ဘေးကင်းစေရန် စစ်ဆေးပေးရမည်
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများနှင့် ဝယ်ယူသုံးစွဲကြသူ ပြည်သူများအကြား၌ ဘေးအန္တရာယ် ကင်းရှင်းအောင် နည်းလမ်းတကျ စစ်ဆေးဆောင်ရွက်ပေးကြရမည့်  Third Party တစ်ရပ် ရှိနေရန်လည်း မဖြစ်မနေလိုအပ် သည်။ ထိုတာဝန်ကို လျှပ်စစ်စစ်ဆေးရေးဌာနက ဆယ်စုနှစ်ပေါင်းများစွာ ဦးလည်မသုန် ထမ်းဆောင်ခဲ့သည်။ လက်ရှိ၌ လည်း ထမ်းဆောင်နေဆဲဖြစ်သည်။ နောင်တွင်လည်း မလွဲမသွေ ထမ်းဆောင်ရဦးမည်သာ ဖြစ်သည်။

Third Party ဖြစ်သော လျှပ်စစ်စစ်ဆေးရေးဌာန အနေဖြင့် တည်ဆဲလျှပ်စစ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး ပြုပြင်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ လိုက်နာရမည့် စည်းကမ်းချက်များ ကိုလည်းကောင်း၊ အကြံပြုချက်များကိုလည်းကောင်း အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေး ရှုထောင့်မှနေ၍ တိကျ မှန်ကန်စွာဖြင့် ရဲရဲဝံ့ဝံ့ ထောက်ညွှန်ပြသ နည်းလမ်းကျစေရမည် ဖြစ်သည်။

လျှပ်စစ်စစ်ဆေးရေး လုပ်ငန်းဆောင်တာများကို စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ၁၉၅၃ ခုနှစ် မတ်လ ၂၇ ရက်မှစ၍ ဗြိတိန်နိုင်ငံသား Mr.J.A.Hill ကို Inspector အဖြစ် ငါးနှစ်သက်တမ်းစာချုပ်ဖြင့် ဆောင်ရွက်စေခဲ့သော လျှပ်စစ်စစ်ဆေး ရေးဌာန (Electrical Inspectorate - EI) တွင် ဦးလှဖေ၊ ဦးလှဝင်း၊ ဦးယုကြည်၊ ဦးစံလှ၊ ဦးသန်းအေး၊ ဦးခင်မောင်ဆွေ၊ ဦးကြူစိန်၊ ဦးထွန်းကြိုင်၊ ဦးသန်းဝင်း၊ ဦးခင်ရွှေ စသော ဝါရင့်မြန်မာအင်ဂျင်နီယာကြီးများက ပခုံးပြောင်း တာဝန်များကို အဆင့်ဆင့် လွှဲပြောင်းထမ်းဆောင်ခဲ့ကြသလို လက်ရှိတွင်လည်း ဒေါက်တာမျိုးထိုက်၊ ဦးခိုင်မြင့်၊ ဦးအေးကို၊ ဦးဖြူဝင်း၊ ဒေါ်ခင်မျိုးဦး၊ ဦးစိုးနိုင်စသော ရှေ့မီနောက်မီ အင်ဂျင်နီယာကြီးများနှင့် ကျွမ်းကျင်အင်ဂျင်နီယာကြီးများက ဆက်လက်၍ တာဝန်ယူ ထမ်းဆောင်နေကြဆဲပင်ဖြစ်သည်ကို တွေ့ရှိရသည်။

ကျွမ်းကျင်မှုသင်တန်းများ
လျှပ်စစ်စစ်ဆေးရေး ဌာနအနေဖြင့် လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း၊ မွမ်းမံသင်တန်း၊ ရွေ့လျားသင်တန်းနှင့် ဌာနတွင်း လျှပ်စစ် စစ်ဆေးရေးဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း များစွာတို့ကို ဖွင့်လှစ်ပို့ချပြီး အရည်အချင်း ပြည့်ဝသော လျှပ်စစ် ကျွမ်းကျင်သူများကို ခေတ်အဆက်ဆက်ကပင် မွေးထုတ်ပေးခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဩဂုတ်လအထိ လျှပ်စစ် ကျွမ်းကျင်မှု အခြေခံသင်တန်းပေါင်း ၄၃ ကြိမ် ဖွင့်လှစ်ခဲ့ပြီး ဌာနဆိုင်ရာများမှ တက်ရောက်ခဲ့ကြသော သင်တန်းသား ၁၁၁၃ ဦး၊ ပြင်ပသင်တန်းသား ၂၄၉၃ ဦးဖြင့် စုစုပေါင်း သင်တန်းဆင်းပြီးသူ ၃၆၀၆ ဦးကိုလည်းကောင်း၊ လျှပ်စစ်ကျွမ်းကျင်မှု မွမ်းမံသင်တန်းပေါင်း ရှစ်ကြိမ် ဖွင့်လှစ်ခဲ့ပြီး ဌာနဆိုင်ရာများမှ တက်ရောက်ခဲ့ကြသော သင်တန်းသား ၂၀၇ ဦး၊ ပြင်ပ သင်တန်းသား ၄၀ဝ ဖြင့် စုစုပေါင်း သင်တန်းဆင်းပြီးသူ ၆၀၇ ဦးကိုလည်းကောင်း၊ အခြေခံ လျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျား သင်တန်းပေါင်း ၂၂ ကြိမ် ဖွင့်လှစ်ခဲ့ပြီး ဌာနဆိုင်ရာ များမှ တက်ရောက်ခဲ့ကြသော သင်တန်းသား ၄၇ ဦး၊ ပြင်ပ သင်တန်းသား ၁၆၆၃ ဦးဖြင့် စုစုပေါင်း သင်တန်းဆင်းပြီးသူ ၁၇၁၀ ကိုလည်းကောင်း၊ လျှပ်စစ်စစ်ဆေးရေး ဌာနတွင်းမှ စစ်ဆေးရေးမှူး များအတွက် လျှပ်စစ်စစ်ဆေးရေးဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းပေါင်း ခုနစ်ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပြီးသူ ၁၆၀ ကိုလည်းကောင်း မွေးထုတ်ပေးခဲ့ပြီးဖြစ်သည် ကို တွေ့ရှိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကိန်းဂဏန်းက ကြီးမားနေသလို နောင်တွင်လည်း လျှပ်စစ် ဓာတ်အား လိုအပ်ချက်က ယခုထက်ပင် ပိုမိုလာလိမ့်မည်ဖြစ်သည်။ လျှပ်စစ်ဓာတ်အားကို ပိုမိုထုတ်လုပ် သုံးစွဲနိုင်ရေး အတွက် တစ်ဖက်က အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသလို ထုတ်လုပ်ရရှိမည့် လျှပ်စစ်ဓာတ်အားကို ပို့ဆောင် ဖြန့်ဖြူး သွယ်တန်းသုံးစွဲရာတွင်လည်း ကျွမ်းကျင်လက်မှတ်ရ လျှပ်စစ်လုပ်သား အများအပြားကို မလွဲမသွေ လိုအပ်လာလိမ့် မည်ဖြစ်ရာ စဉ်ဆက်မပြတ် မွေးထုတ်ပေးနေရန် လိုအပ်နေမည်သာဖြစ်သည်။

အလားတူပင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးရာ၌ လည်းကောင်း၊ သွယ်တန်းရယူ သုံးစွဲကြရာ၌လည်းကောင်း၊ အများ ပြည်သူ အန္တရာယ်ကင်းရှင်းစေရန်အတွက် အရည်အသွေးစစ်မှန်ပြီး စံချိန်စံညွှန်းပြည့်ဝသည့် ကာကွယ်မှု ကိရိယာများ၊ လျှပ်စစ်ပစ္စည်းများ၊ သွယ်တန်းပစ္စည်းများကို သုံးစွဲရေးနှင့် ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူး၊ သွယ်တန်း၊ ရယူ၊ သုံးစွဲမှု အဆင့် ဆင့်တွင် လျှပ်စစ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီကာ စနစ်တကျ ဖြစ်စေရန်လည်း အထူးပင် လိုအပ်နေလိမ့်မည် ဖြစ်သည်။

ထိုတာဝန်များကို ဦးလည်မသုန် စဉ်ဆက်မပြတ် ထမ်းရွက်ရန်မှာ အစဉ်အလာကြီးမားခဲ့သော လျှပ်စစ်စစ်ဆေးရေးဌာန (Electrical Inspectorate-EI)၏ တာဝန်တစ်ရပ်ပင် ဖြစ်ပေတော့သည်။     ။