အစဉ်အလာကြီးမားသော လျှပ်စစ်စစ်ဆေးရေးဌာနနှင့် ဘွိုင်လာ စစ်ဆေးရေးဌာနများ အပိုင်း(၁)

သိပ္ပံစာရေးဆရာကိုကိုအောင်

 

မြန်မာနိုင်ငံတွင် ၂၀ ရာစုမတိုင်မီ ၁၈၇၀ ပြည့်နှစ်လွန် ကာလများကတည်းက ရန်ကုန်မြို့ရှိ ဥရောပတိုက်သားများပိုင် ဆန်စက်ကြီးအချို့ ၌ မီးထွန်းလင်းရန် လျှပ်စစ်ဓာတ်အားကို စတင်အသုံးပြုလျက် ရှိနေခဲ့ပြီဖြစ်သည်။ လျှပ်စစ်ဓာတ်အားကို နေအိမ်များ၌ သုံးစွဲနိုင်ရန်အတွက်ကိုမူ Rangoon Elect- ric Tramway and Supply Company က ၁၉၀၅ ခုနှစ်ခန့်တွင် စတင်ဖြန့်ဖြူးခဲ့သည်။ နောက်ပိုင်းတွင် အိမ်သုံးအပြင် ဓာတ်ရထားများ သွားလာရေးအတွက်ပါ အသုံးပြု ခဲ့ကြသည်။ လျှပ်စစ်ဓာတ်အားသည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို အန္တရာယ်ပြုနိုင်သော စွမ်းအင်တစ်ရပ် ဖြစ်သည်နှင့်အညီ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်စတစ်စ တိုးပွားများပြားလာသောအခါ ဗြိတိသျှအစိုးရက ၁၉၁၀ ပြည့်နှစ် အိန္ဒိယ လျှပ်စစ်အက်ဥပဒေ (The Electricity Act and Rules) ကို မြန်မာနိုင်ငံသို့ အာဏာသက်ရောက်စေခဲ့သည်။ ထို့အတူပင် ၁၉၁၁ ခုနှစ်က ဓာတ်ရထား အက်ဥပဒေကိုပါ ပြဋ္ဌာန်းခဲ့သည်။ ၁၉၁၁ ခုနှစ် လျှပ်စစ်အက်ဥပဒေကို ၁၉၁၂ ခုနှစ်တွင် ရှမ်းပြည်နယ်သို့ပါ အာဏာသက်ရောက်စေခဲ့သည်။ ထိုလျှပ်စစ်အက်ဥပဒေအပေါ် အခြေခံ၍ ရေးဆွဲသော နည်းဥပဒေများကိုလည်း ၁၉၂၂ ခုနှစ်က ချမှတ်ထုတ်ပြန်ခဲ့သည်။

ထိုခေတ်ကာလ၏ ပုဂ္ဂလိကလုပ်ငန်းရှင်များက လျှပ်စစ်ဓာတ်အားကို ရေနွေးငွေ့ စွမ်းအားဖြင့်လည်းကောင်း၊ ဒီဇယ် အင်ဂျင်ဖြင့် လည်းကောင်း၊ ရေအားဖြင့်လည်းကောင်း ထုတ်လုပ်ကာ ဖြန့်ဖြူးရောင်းချကြသဖြင့် စက်ရုံ အလုပ်ရုံများ၌လည်း အသုံးပြုခဲ့ကြသည်။ ဘီအိုစီကုမ္ပဏီ၊ နမ္မတူသတ္တုတွင်း၊ ဘားမားကော်ပိုရေးရှင်းနှင့် ဘားမားရူဘီမိုင်း ကုမ္ပဏီတို့တွင် ဗို့အားကြီးမားသော ကိုယ်ပိုင်လျှပ်စစ်စနစ်ကို တည်ဆောက်ကာ ထုတ်လုပ်သုံးစွဲခဲ့သည်။ ထို့ကြောင့်ပင် စက်ရုံများ အက်ဥပဒေအရ အစိုးရက စက်ရုံများကို စစ်ဆေးသကဲ့သို့ လျှပ်စစ်အက်ဥပဒေအရ လျှပ်စစ်စစ်ဆေးရေးကို ဆောင်ရွက် နိုင်ရန်အတွက် ၁၉၁၀ ပြည့်နှစ်က လျှပ်စစ်စစ်ဆေးရေး ဌာနကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုစဉ်က လျှပ်စစ် စစ်ဆေးရေးဌာနကို ပြည်ထဲရေးဌာနအောက်တွင် ထားရှိပြီး ဒိုင်အာခီအုပ်ချုပ်ရေး ရရှိလာသောအခါ သစ်တောရေး ဝန်ကြီးဌာန၏ လက်အောက်သို့ ရောက်ရှိသွားခဲ့သည်။ မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်လိုက်ပြီးနောက် ၉၁ ဌာနအုပ်ချုပ်ရေး ရရှိပြီး သီးသန့်မြန်မာနိုင်ငံအစိုးရ ဖြစ်လာသောအခါ ၁၉၃၇ ခုနှစ်မှစ၍ ပြည့်သူ့လမ်းပန်းနှင့် အဆောက်အအုံ ဝန်ကြီးဌာန လက်အောက်တွင် ထားရှိခဲ့ရာ ဒုတိယကမ္ဘာစစ် ဖြစ်ပွားချိန်အထိ ဖြစ်သည်။

သီးသန့် မြန်မာနိုင်ငံအစိုးရ ဖြစ်လာသောအခါ အိန္ဒိယ လျှပ်စစ်အက်ဥပဒေနှင့် နည်းဥပဒေများကို ပြင်ဆင်မွမ်းမံရန် လိုအပ်လာသည်။ ထိုအချိန်တွင် ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုနှင့် သုံးစွဲမှုပမာဏကလည်း များစွာ တိုးတက်လာနေပြီဖြစ်ရာ ၁၉၂၂ ခုနှစ် လျှပ်စစ် နည်းဥပဒေများကို ဖျက်သိမ်းကာ ၁၉၃၇ ခုနှစ်တွင် လျှပ်စစ် နည်းဥပဒေများကို အသစ်ပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ၁၉၃၇ လျှပ်စစ် နည်းဥပဒေများကို ၁၉၃၉ ခုနှစ် ဩဂုတ်လမှစ၍ ပဒေသရာဇ် ရှမ်းပြည်နယ်သို့ပါ အာဏာသက်ရောက်စေခဲ့သည်။

လျှပ်စစ် စစ်ဆေးရေးနှင့် စပ်လျဉ်း၍ အကြံပေးနိုင်ရန်အတွက် လျှပ်စစ်အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားရှိခဲ့ရာ ၁၉၃၇ ခုနှစ်မတိုင်မီက ထိုအကြံပေးအဖွဲ့တွင် ဘုရင်ခံက လျာထားသော သို့တည်းမဟုတ် သဘောတူသော ချယ်ယာမင် (Chairman) တစ်ဦးနှင့် အဖွဲ့ဝင်လူကြီး နှစ်ဦးတို့ ပါဝင်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင်မူ ချမှတ်ထားသော နည်းဥပဒေများ နှင့်အညီ လျှပ်စစ်ဘုတ်အဖွဲ့ကို ဖွဲ့စည်းရန် သတ်မှတ်ခဲ့သည်။ ၁၉၃၉ ခုနှစ်မှစ၍ လျှပ်စစ်ဘုတ်အဖွဲ့တွင် အစိုးရ လျှပ်စစ် အင်စပက်တော်(ှုညျစနခအသမ)များက ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး မြန်မာပြည် မီးရထားဌာနမှ လျှပ်စစ်အင်ဂျင်နီယာ၊ အစိုးရရှေ့နေကြီး၊ အာရ်အီးတီမှ ကိုယ်စားလှယ်တစ်ဦး၊ ဘီအိုစီမှ လျှပ်စစ်အင်ဂျင်နီယာ၊ လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးသူများအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးနှင့် စာတိုက်နှင့် ကြေးနန်းဌာနမှ အင်ဂျင်နီယာအရာရှိတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြသည်။


လျှပ်စစ်စစ်ဆေးရေးဌာန
လျှပ်စစ်ဓာတ်အား သုံးစွဲရာတွင် ဘေးန္တရာယ်မဖြစ်စေရန် အလွန်အရေးကြီးလှသောကြောင့် လျှပ်စစ်စစ်ဆေးရေးကို အထူးဂရုစိုက်ရန် လိုအပ်သည့်အားလျော်စွာ လျှပ်စစ်စစ်ဆေးရေးဌာနသည် လျှပ်စစ်အက်ဥပဒေနှင့် ၁၉၃၇ ခုနှစ် လျှပ်စစ် နည်းဥပဒေများအရ လျှပ်စစ်နှင့် ပတ်သက်၍ အထွေထွေ စစ်ဆေးခြင်း၊ လျှပ်စစ်ဓာတ်တိုင်းတာသော ကိရိယာများနှင့် လျှပ်စစ်သုံး ပစ္စည်းများအား စစ်ဆေးခြင်း၊ စမ်းသပ်ခြင်း၊ မြန်မာနိုင်ငံနှင့် သင့်လျော်မည့် စံချိန်စံညွှန်းများကို ရေးဆွဲခြင်း၊ စံသတ်မှတ်ချက်နှင့် လမ်းညွှန်ဥပဒေများ ပြဋ္ဌာန်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ လျှပ်စစ်အက်ဥပဒေနှင့် လျှပ်စစ် နည်းဥပဒေများသည် စက်ရုံ၊ အလုပ်ရုံများနှင့်လည်း သက်ဆိုင်နေသဖြင့် စက်ရုံများဥပဒေနှင့် ပူးတွဲ၍ လိုက်နာ ကျင့်သုံးရသော စက်မှုလုပ်ငန်းဆိုင်ရာ ဥပဒေတစ်ရပ်ဟုလည်း ဆိုနိုင်ပေသည်။

စက်ရုံအလုပ်ရုံများနှင့်စပ်လျဉ်း၍ အရေးကြီးသော စက်မှုလုပ်ငန်းဆိုင်ရာ အက်ဥပဒေတစ်ရပ်မှာ ဘွိုင်လာအက်ဥပဒေ ဖြစ်သည်။ မြန်မာနိုင်ငံတွင် စတင်တည်ထောင်သော စက်မှုလုပ်ငန်းများက ရေနွေးငွေ့အားကို အသုံးပြုခဲ့ကြပြီး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်မှု တိုးတက်လာသည့် အချိန်တွင် စက်ရုံအများစုက ရေနွေးငွေ ့စွမ်းအားကိုပင် အသုံး ပြုလျက် စက်လည်ပတ်ခဲ့ကြသည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော စက်အချို့ကလည်း ရေနွေးငွေ့အားကိုပင် အသုံးပြု ကြရသည်။

ရေနွေးငွေ့ စွမ်းအားကို ထုတ်ပေးသော ဘွိုင်လာများသည်လည်း ကြီးမားသည့် အန္တရာယ် ဖြစ်စေနိုင်သော စက်ပစ္စည်းများ ဖြစ်ကြသောကြောင့် အထူးသတိပြုရန် လိုအပ်လှသည်။ ဘွိုင်လာအိုးပြုလုပ်ရာတွင် အသုံးပြုသော သံမဏိပြားနှင့် ပစ္စည်း ကိရိယာများ၊ တည်ဆောက်ထုတ်လုပ်မှုပုံစံ စသည်တို့မှာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရန် လိုအပ်သလို စည်းကမ်း သတ်မှတ်ချက်နှင့်အညီ လုပ်ဆောင်ကြရန်လည်း အထူးလိုအပ်သည်။ ထို့ကြောင့်ပင် စက်ရုံဘွိုင်လာများကို အစိုးရထံ၌ မှတ်ပုံတင်ကြရကာ ချမှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသည့် ဘွိုင်လာများကိုသာ အစိုးရက ခွင့်ပြုချက် လက်မှတ် ထုတ်ပေးခဲ့သည်။

ဘွိုင်လာများ
မြန်မာနိုင်ငံတွင် ဘွိုင်လာစစ်ဆေးရေး၊ မှတ်ပုံတင်ရေးနှင့် ခွင့်ပြုလက်မှတ်ထုတ်ပေးရေးစသော ကိစ္စအဝဝကို ဆောင်ရွက် ရာတွင် အိန္ဒိယအစိုးရက ပြဋ္ဌာန်းထားသော The Bur- ma Steam-Boilers and Prime Movers Act, 1910 ကို လိုက်နာကျင့်သုံးခဲ့ကြရသည်။ ၁၉၁၄ ခုနှစ်တွင် Burma Boiler Commission  ကို ဖွဲ့စည်းပေးပြီး မြန်မာနိုင်ငံတွင် အသုံးပြုသည့် ဘွိုင်လာများကို စစ်ဆေးစေခဲ့သည်။ Boiler Commission က စစ်ဆေးပြီးသော ဘွိုင်လာများတွင် စစ်ဆေးပြီးကြောင်းနှင့် မှတ်ပုံတင်ခွင့်ပြုလက်မှတ် ထုတ်ပေးပြီးကြောင်း သိရှိနိုင်စေရန်အတွက် ဘီဘီစီဝမ်း (BBC-1)၊ ဘီဘီစီတူး (BBC-2) စသည်ဖြင့် အမှတ်အသားများကို ရေးသားထားခဲ့ကြသည်။

စက်မှုလုပ်ငန်းများ တိုးတက်လာမှုကြောင့် စက်ရုံဘွိုင်လာများ၏ အရွယ်အစားက ကြီးမားလာပြီး ဘွိုင်လာအရေ အတွက်ကလည်း များပြားလာသည့်အခါ အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် ဘွိုင်လာဥပဒေနှင့် စည်းကမ်း သတ်မှတ်ချက်တို့ကို ပြင်ဆင်ရန် လိုအပ်လာတော့သည်။ ထို့ကြောင့်ပင် အိန္ဒိယအစိုးရက မြန်မာနိုင်ငံအပါအဝင် အိန္ဒိယ ပြည်နယ်အားလုံးအတွက် The Indian Boilers Act, 1923 ကို ပြဋ္ဌာန်းခဲ့သည်။ အိန္ဒိယ ဘွိုင်လာအက်ဥပဒေ သည် ၁၉၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင် အာဏာသက်ရောက်ခဲ့သလို မြန်မာနိုင်ငံ၌လည်း မြန်မာပြည်အစိုးရ နိုင်ငံရေးဌာန၏ ၁၉၂၄ ခုနှစ် ဇန်နဝါရီ ၂၈ ရက် ရက်စွဲပါ ကြေညာချက်အမှတ် (၇)အရ ပဒေသရာဇ် ရှမ်းပြည်နယ်သို့လည်း အာဏာသက်ရောက်စေခဲ့သည်။

မြန်မာပြည် ဘွိုင်လာနည်းဥပဒေ
၁၉၂၃ ခုနှစ်တွင် အိန္ဒိယ ဘွိုင်လာအက်ဥပဒေကို ပြဋ္ဌာန်းပြီးနောက် မြန်မာနိုင်ငံတွင် Burma Boilers Commission ကိုလည်းကောင်း၊ The Burma Steam-Boilers and Prime Movers Act, 1910  ကိုလည်းကောင်း ဖျက်သိမ်း လိုက်သည်။ ထို့နောက် အိန္ဒိယအစိုးရက ၁၉၂၃ ခုနှစ် အိန္ဒိယ ဘွိုင်လာအက်ဥပဒေနှင့် ပူးတွဲအသုံးပြုရမည့် The Indian Boiler Regulations, 1924  ကို ရေးဆွဲချမှတ်ကာ အက်ဥပဒေနှင့်အတူ တစ်ပြိုင်တည်း အာဏာသက်ရောက် စေခဲ့သည်။ အဆိုပါ ဘွိုင်လာစည်းမျဉ်း ဥပဒေများအပြင် မြန်မာနိုင်ငံ၌ လိုက်နာကျင့်သုံးရမည့် မြန်မာပြည် ဘွိုင်လာ နည်းဥပဒေကို မြန်မာနိုင်ငံအစိုးရက ၁၉၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ အိန္ဒိယဘွိုင်လာ အက်ဥပဒေ၊ အိန္ဒိယ ဘွိုင်လာစည်းမျဉ်း ဥပဒေနှင့် မြန်မာပြည် ဘွိုင်လာနည်းဥပဒေများသည် မြန်မာနိုင်ငံတွင် လိုက်နာ ကျင့်သုံးကြရသော မြန်မာပြည် ဘွိုင်လာလက်စွဲဥပဒေပင် ဖြစ်ပေတော့သည်။

စက်ရုံအလုပ်ရုံများတွင် အသုံးပြုသော ဘွိုင်လာတိုင်းကို ဘွိုင်လာအက်ဥပဒေအရ မှတ်ပုံတင်ကြရပြီး သတ်မှတ် စည်းကမ်းနှင့် ညီညွတ်မှုရှိမရှိ အစစ်ဆေးခံကြရသည်။ ပင်လယ်ကူး မီးသင်္ဘောများ၊ မြစ်တွင်းသွား သင်္ဘောများနှင့် ဘုရင့်ရေတပ်မတော် သင်္ဘောများ၏ ဘွိုင်လာများနှင့် ရေနွေးငွေ့ပိုက်များက အဆိုပါအက်ဥပဒေတွင် အကျုံးမဝင်ကြပေ။ အိန္ဒိယ ဘွိုင်လာစည်းမျဉ်းဥပဒေတွင် ဘွိုင်လာအရွယ်အစားနှင့် ပုံစံ၊ အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့် တည်ဆောက်ပုံ တို့ကို စနစ်တကျ သတ်မှတ်ပေးထားခဲ့သည်။ ထိုသတ်မှတ်ချက်နှင့် ကိုက်ညီသော ဘွိုင်လာများကသာလျှင် မှတ်ပုံတင်ခွင့် ရရှိခဲ့ကြ သည်။ မှတ်ပုံတင်ရန် လျှောက်ထားသောအခါ ဘွိုင်လာ အရွယ်အစားနှင့် စွမ်းအားအလိုက် မှတ်ပုံတင်ကြေးအဖြစ် ကျပ် ၄၀ မှ ကျပ် ၁၀ဝ အထိ ပေးဆောင်ကြရသည်။ မြန်မာနိုင်ငံ၌ ခွင့်ပြုသော ဘွိုင်လာ Rating  မှာ အနည်းဆုံး ၁၀ဝ နှင့် အများဆုံး ၁၀ဝဝ ဖြစ်သည်။ ထပ်မံ၍ အစစ်ဆေးခံရန် အတွက်သော်လည်းကောင်း၊ ခွင့်ပြုချက် လက်မှတ်အသစ်ကို ရယူရန်အတွက်သော်လည်းကောင်း မူလမှတ်ပုံတင်ကြေးအတိုင်း ထပ်မံပေးဆောင်ခဲ့ကြရသည်။

ဘွိုင်လာစစ်ဆေးရေး အရာရှိများ
ဘွိုင်လာများကိုစစ်ဆေးရန် ဘွိုင်လာစစ်ဆေးရေး အရာရှိချုပ်နှင့် လက်ထောက် စစ်ဆေးရေးအရာရှိများကို ခန့်ထားခဲ့သည်။ ထိုစစ်ဆေးရေး အရာရှိ ကြီးငယ်တို့မှာ နိုင်ငံခြားသားများသာ ဖြစ်ကြသည်။ ဘွိုင်လာအက်ဥပဒေကို ပြဋ္ဌာန်းပြီးနောက် ၁၉၂၄ ခုနှစ်မှစ၍ စစ်ဆေးမှတ်ပုံတင်ပြီးသော လက်မှတ်ရ ဘွိုင်လာများတွင် ဘီဘီစီ(BBC) ဟူသော အမှတ်အသားအစား ဘီအေ(BA)ဟူသော အမှတ်အသားကို ပြောင်းလဲရေးထိုးခဲ့သည်။ ဘွိုင်လာများ၌ စစ်ဆေးရေးအရာရှိက ရေးထိုးခဲ့သော ထို အမှတ်အသားများကို ဖျက်သည်ဖြစ်စေ၊ ပြင်သည်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် စည်းကမ်းချိုးဖောက်သည်ဖြစ်စေ ပိုင်ရှင်ကို ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ၂ နှစ်ကို သော်လည်းကောင်း သို့တည်းမဟုတ် ပြစ်ဒဏ် နှစ်မျိုးစလုံး ကိုသော်လည်းကောင်း ကျခံစေရန် အက်ဥပဒေ၌ ပြဋ္ဌန်းထားသည်။

မြန်မာနိုင်ငံတွင် ဘွိုင်လာစစ်ဆေးရန်အတွက် အင်စပက်တော်ချုပ် (Chief Inspector) နှင့် လက်ထောက် အင်စပက် တော် (Inspector)ခြောက်ဦး ရှိခဲ့ရာမှ ၁၉၂၈ ခုနှစ်တွင် အင်အားထပ်ဖြည့်ကာ အင်စပက်တော်ချုပ်နှင့် လက်ထောက် အင်စပက်တော် ကိုးဦးအထိ ခန့်ထားခဲ့သည်။ အင်စပက်တော်များမှာ ရန်ကုန်၌ပင် ရုံးစိုက်နေထိုင်ကြ၍ လုပ်ငန်းမတွင်ကျယ် သဖြင့် ၁၉၂၇ ခုနှစ်တွင် အင်စပက်တော်များကို မန္တလေး၊ မော်လမြိုင်၊ ရေနံချောင်းတို့တွင် ရုံးစိုက်စေရန် အစိုးရက စီစဉ် ခဲ့သည်။ သို့ရာတွင် ထိုနှစ်က မန္တလေး၌သာ ရုံးစိုက်နိုင်ခဲ့သည်။ ရေနံချောင်း ရေနံမြေတွင် ဘီအိုစီက လျှပ်စစ်ဓာတ်အားပေး စက် တည်ထောင်အသုံးပြုကာ ဘွိုင်လာအများစုကို အသုံးပြုခြင်းမှ ရပ်ဆိုင်းခဲ့သဖြင့် ရေနံချောင်းတွင် အင်စပက်တော်နှစ်ဦး ရုံးစိုက်စေမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတော့သည်။

မြန်မာနိုင်ငံတွင် ၁၉၂၇ ခုနှစ်က မှတ်ပုံတင်ဘွိုင်လာ ၂၁၅၄ လုံး ရှိခဲ့သည်။ စစ်ဆေးမည့် အင်စပက်တော်များ မလုံလောက်၍ ဘွိုင်လာများကို စေ့ငအောင် မစစ်ဆေးနိုင်ခဲ့ပေ။ ဘွိုင်လာများကို အဓိကအားဖြင့် ဂျာမနီနှင့် အမေရိကန်တို့ထံမှ ဝယ်ယူ သုံးစွဲကြရာ အိန္ဒိယ ဘွိုင်လာစည်းမျဉ်းဥပဒေနှင့် မကိုက်ညီဘဲ ဖြစ်နေခဲ့သည်။ အင်္ဂလန် ဘွိုင်လာထုတ်လုပ်သူ အချို့၏ ဘွိုင်လာများကလည်း အလိုရှိသော ပုံစံနှင့် သတ်မှတ်စွမ်းအားအတိုင်း မဟုတ်ဘဲ စွမ်းအားပိုနေသဖြင့် ပြန်လည်ပြုပြင်ရန် ထောက်ညွှန် ပြရခြင်းများရှိပြီး ထိုသို့ ပြန်လည်ပြုပြင်စေခဲ့ရသော ဘွိုင်လာ စုစုပေါင်းမှာ ၁၉၂၈ ခုနှစ်က ၁၇ လုံးအထိ ရှိခဲ့သည်။ အထိုင်မမှန်သော ဘွိုင်လာများ၊ သံမဏိသုံးရမည့်နေရာတွင် ရိုးရိုးသံများကိုသာ အသုံးပြု တည်ဆောက်ထားသော ဂျာမနီနှင့် အမေရိကန်လုပ် ဘွိုင်လာများအပြင် အခြား စည်းကမ်းချက်များနှင့် မညီညွတ်သော နိုင်ငံခြားလုပ် ဘွိုင်လာ များလည်း ရှိခဲ့သည်။

ဘွိုင်လာများကို ၁၉၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ အိန္ဒိယ ဘွိုင်လာအက်ဥပဒေ၊ အိန္ဒိယ ဘွိုင်လာ စည်းမျဉ်း ဥပဒေ၊ မြန်မာပြည် ဘွိုင်လာနည်းဥပဒေများဖြင့် ကြီးကြပ် စစ်ဆေး ထိန်းသိမ်းခဲ့သည်။ ၁၉၃၇-၁၉၃၈ ခုနှစ်က မြန်မာနိုင်ငံတွင် ဘွိုင်လာကြီးငယ် ၂၅၀ဝ ခန့်ရှိခဲ့သည်။ စစ်ဆေးမှု ပေါ့လျော့ခြင်း၊ မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊ စည်းကမ်းသတ် မှတ်ချက်အတိုင်း လိုက်နာမှု မရှိခြင်းတို့ကြောင့် အန္တရာယ်ဖြစ်မှု များလည်း ရှိခဲ့သည်။

စစ်ပြီးစ ၁၉၄၅ ခုနှစ်တွင် မှတ်ပုံတင်ထားသော ဘွိုင်လာပေါင်း ၁၇၉၃ လုံးရှိသည်။ စက်မှုလက်မှု လုပ်ငန်းကြီးငယ်များ တိုးတက်များပြားလာသဖြင့် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် မှတ်ပုံတင်ပြီးသော ဘွိုင်လာများမှာ ၁၉၆၅ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၉၆၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်ထိ စုစုပေါင်း အလုံး ၂၂၂၀ ရှိခဲ့သည်။ သို့ရာတွင် ဘွိုင်လာ အသစ် ၁၅ လုံးကို မှတ်ပုံတင်ပေးခြင်း၊ အသုံးမပြုဘဲထားသည့် ဘွိုင်လာ ၂၂ လုံးကို ပြန်လည်အသုံးပြုသဖြင့် မှတ်ပုံတင် စာရင်း၌ ပြန်ဝင်လာခြင်း၊ ဘွိုင်လာ ၂၁ လုံးကို ပယ်ဖျက်လိုက်ခြင်း၊ ဘွိုင်လာ ၄၆ လုံးမှာ ငါးနှစ်ကျော် အသုံးမပြုဘဲ ထားသဖြင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်း စသည်တို့ကြောင့် လည်ပတ်အသုံးပြုနေသော မှတ်ပုံတင်ဘွိုင်လာ စုစုပေါင်းမှာ အလုံးရေ ၂၁၉၀ ရှိခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)