ဝါရှင်တန် ၇ မတ်
ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းတွင် ကျင်းပခဲ့သည့်အမေရိကန်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ထိပ်သီး အစည်းအဝေး ပြီးဆုံးခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံက ၎င်း၏တာဝေးပစ်ဒုံးကျည်များ လွှတ်တင်သည့် စခန်းတစ်ခုတွင် လှုပ်ရှားလုပ်ဆောင်နေမှုများကို ထောက်လှမ်းတွေ့ရှိရပြီး ၎င်းမှာ အဆိုပါဒုံးကျည်လွှတ်တင်ရေးစခန်းကို အလျင်အမြန် ပြန်လည်တည်ဆောက်ခြင်း ဖြစ်ဖွယ်ရှိသည်ဟု မြောက်ကိုရီးယားအရေး ခွဲခြမ်းစိတ်ဖြာလေ့လာသူများက ဂြိုဟ်တုမှ ရိုက်ယူထားသည့် ဓာတ်ပုံများကို ရည်ညွှန်းပြောကြားသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံဆွေးနွေးမှုသည် မပြေမပြစ်နှင့် အဆုံးသတ်ခဲ့ရသည်။ နှစ်ဖက်သဘောတူညီမှုများ မရရှိခဲ့သောကြောင့် မြောက်ကိုရီးယားအနေဖြင့် ၎င်းအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများအား အလဲအလှယ်ပြုလုပ်ရန်အတွက် အဏုမြူလက်နက် အစီအစဉ်များသို့ နောက်ကြောင်းပြန်သွားဖွယ်ရှိသည်။
အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့၏ ထိပ်သီးအစည်းအဝေးအပြီး နှစ်ရက်အကြာတွင် မြောက်ကိုရီးယားနိုင်ငံ၏ တာဝေးပစ်ဒုံးကျည်စခန်း၌ ဖြစ်ပွားသည့် လုပ်ဆောင်မှုများကို မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ အမေရိကန်ပြည်ထောင်စု၏ ပယ်ချမှုများကို ရင်ဆိုင်ဖြေရှင်းရေးအတွက် သက်သေပြချက်ဖြစ်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံက ၎င်းအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုဖြေလျှော့ပေးရန် တောင်းဆိုခဲ့ကြောင်း ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (စီအက်စ်အိုင်အက်စ်) မှ လေ့လာသူများက ပြောကြားသည်။
အေအက်ဖ်ပီ