အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲ၊ ဖိုးသော်၏ စိန်ခေါ်ပွဲပါဝင်မည့် MMA ပြိုင်ပွဲ ဂျပန်နိုင်ငံ၌ ကျင်းပမည်

၁၁ အောက်တိုဘာ

 

ONE ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်၏ ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ၊ ဖိုးသော်၏ စိန်ခေါ်ပွဲ ပါဝင်မည့် ONE Championship က ကြီးမှူးကျင်းပမည့် 100 Century အမည်ရ MMA ပြိုင်ပွဲကို အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည်ဖြစ်သည်။

 

ONE Championship သည် ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၂၀ ကျော် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး နံနက်ပိုင်းတွင် Part-1၊ ညနေပိုင်းတွင် Part-2 ခွဲကာ ကျင်းပမည်ဖြစ်သည်။ Part-1 တွဲဆိုင်းများကို မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ၊ Part-2 တွဲဆိုင်းများကို မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် စတင်ကျင်းပမည်ဖြစ်သည်။ ဖိုးသော်၏ တွဲဆိုင်းမှာ နံနက်ပိုင်းတွင် ပါဝင်မည်ဖြစ်ပြီး အောင်လအန်ဆန်၏ တွဲဆိုင်းမှာမူ ညနေပိုင်းကျင်းပမည့်တွဲဆိုင်းတွင် Main Event အဖြစ် ကျင်းပမည် ဖြစ်သည်။ အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ဘရန်ဒန်ဗီရာ (ဖိလစ်ပိုင်) နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပထမဆုံးထိုးသတ်ရသည့် ကာကွယ်ပွဲလည်းဖြစ်သည်။ အောင်လအန်ဆန်က ''ဒီပြိုင်ပွဲအတွက် ပြင်ဆင်ထားတာ ခြောက်လလောက်ရှိပါပြီ။ ဗီရာနဲ့ပွဲက စိတ်လှုပ်ရှားဖို့ကောင်းပြီး စိန်ခေါ်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်က လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က သူ့ရဲ့ ပရိသတ်တစ်ယောက်ပါ။ ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားသလို ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်သွားမှာပါ'' ဟု အောက်တိုဘာ ၁၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ဘရန်ဒန်ဗီရာကမူ ''ဟဲဗီးဝိတ်တန်းအပြင် လိုက်ဟဲဗီးဝိတ်တန်းမှာလည်း ချန်ပီယံဖြစ်ချင်ပါတယ်။ ဒါကြောင့် စိန်ခေါ်ခဲ့တာပါ။ အကောင်းဆုံး ယှဉ်ပြိုင်ပြီး အနိုင်ကစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။

 

နံနက်ပိုင်းကျင်းပမည့် Part-1 တွင် အမျိုးသမီးအပ်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို အဓိကတွဲဆိုင်းအဖြစ် ကျင်းပမည်ဖြစ်ပြီး  အန်ဂျလာလီ (စင်ကာပူ)နှင့် ရှောင်ကျန်နန် (တရုတ်) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကာ အခြားတွဲဆိုင်းအဖြစ် ဆူနိုတို (အင်ဒိုနီးရှား) နှင့် ကင်ဝမ်ဝမ် (တောင်ကိုရီးယား)၊ ဖိုးသော် (မြန်မာ)နှင့် ယွန်ချောင်မင် (တောင်ကိုရီးယား)၊ အီကီဒါ (ဂျပန်)နှင့် လီတို (ဖိလစ်ပိုင်)၊ ဟီရာတာ (ဂျပန်)နှင့် ရီကာ (ထိုင်း)၊ အိုကာမီ (ဂျပန်)နှင့် အဂီလန် (မလေးရှား)၊ ဆမ်အေ (ထိုင်း)နှင့် ရိုလန် (ပြင်သစ်)၊ ဝါကာမက်ဆု (ဂျပန်)နှင့် ဒေဟွမ်ကင် (တောင်ကိုရီးယား)၊ ခရစ္စတီယန်လီ (စင်ကာပူ)နှင့် ဂူဆီယန် (တူရကီ)၊ ဂျာနက် (အမေရိကန်) နှင့် ဗန်ဒါရီဗာ (ဘီလာရုစ်)၊ ဂျွန်ဆင် (အမေရိကန်)နှင့် ဒန်နီ (ဖိလစ်ပိုင်) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ညနေပိုင်းကျင်းပမည့် Part-2 တွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို အဓိကတွဲဆိုင်းအဖြစ် ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန် (မြန်မာ) နှင့် ဘရန်ဒန်ဗီရာ (ဖိလစ်ပိုင်) တို့ ထိုးသတ်မည်ဖြစ်သည်။ ထို့ပြင် အခြား ကမ္ဘာ့ချန်ပီယံလုပွဲများအဖြစ် ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ဘီဘီယာနို (ဘရာဇီးလ်)နှင့် ဘီလင်ဂွန် (ဖိလစ်ပိုင်)၊ ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲတွင် ရိုထောင် (ထိုင်း)နှင့် ဝေါ်လ်တာ (ဘရာဇီးလ်)တို့ ထိုးသတ်မည်ဖြစ်ကာ အခြားတွဲဆိုင်းများအဖြစ် ဟာနာနီ (ဘရာဇီးလ်)နှင့် တက်ဆုကာ (ဂျပန်)၊ ကိုရှီ (ဂျပန်)နှင့် တာကာဆူကီ (ဂျပန်)၊ ယိုဆူကီး (ဂျပန်)နှင့် ကီတာကာတာ (ဂျပန်)၊ ဆာတို (ဂျပန်)နှင့် ဆေးဗားလ် (ဘရာဇီးလ်)၊ ယာမာဂူချီ (ဂျပန်)နှင့် ဂျင်နီ (တရုတ်တိုင်ပေ)၊ ဆီရီလီ (အီတလီ)နှင့် အာဂျန် (အိန္ဒိယ)၊ ဂျော်ဂျီယို (အီတလီ)နှင့် ဆာနာ (ပြင်သစ်)၊ အေအိုကီ (ဂျပန်)နှင့် ဟိုနိုရီယို (ဖိလစ်ပိုင်) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-ONE Championship