အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ မတ်လတွင် ကျင်းပမည်

၂၂ ဒီဇင်ဘာ

ONE Championship က ကျင်းပလျက်ရှိသည့် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို ထိုးသတ်ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ယင်းချန်ပီယံဆု ကာကွယ်ပွဲအဖြစ် ပြိုင်ဘက်ဟောင်း ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့် ပြန်လည်ထိုးသတ်ရမည် ဖြစ်သည်။

ONE Championship အဖွဲ့အစည်းသည် မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့် MMA ပြိုင်ပွဲအတွက် တွဲဆိုင်းအချို့ ထုတ်ပြန်ခဲ့ရာ အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ ပါဝင်လာခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မူလက ယင်းရက်တွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ထိုးသတ်ရန် စီစဉ်ထားသော်လည်း မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲသာ ထပ်မံထိုးသတ်ရခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ဖေဖော်ဝါရီတွင် ရရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရခြင်းမရှိသေးဘဲ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် နှစ်ပွဲထိုးသတ်ထားပြီးဖြစ်ကာ လာမည့်မတ်လတွင် ထိုးသတ်မည့်ပွဲမှာ တတိယပွဲမြောက် ထိုးသတ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇ ခုနှစ် ဇွန်လတွင် ရရှိခဲ့ပြီး ချန်ပီယံကာကွယ်ပွဲများအဖြစ် ယခုနှစ် ဇွန်လတွင် ဟဆဲဂါဝါ (ဂျပန်)၊ အောက်တိုဘာတွင် ကရာကီ (လက်ဘနွန်) တို့နှင့် ယှဉ်ပြိုင်ထိုးသတ်ထားပြီး နှစ်ပွဲစလုံး အနိုင်ရထားသည်။ 

အောင်လအန်ဆန်သည် ကရာကီကို ပထမအချီတွင် အနိုင်ရသော်လည်း ဟဆဲဂါဝါကိုမူ နောက်ဆုံးအချီထိ ထိုးသတ်ခဲ့ရကာ လက်သီးချက်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်နှင့် ဟဆဲဂါဝါပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ONE Championship က ချီးမြှင့်သည့် အကောင်းဆုံးပွဲဆု ရရှိခဲ့သည်။

အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ်တွင် ဝိတ်တန်းနှစ်ခုစလုံး၏ ချန်ပီယံဆုကာကွယ်ပွဲများ ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း - ရဲရင့်ရှိုင်း