အောင်လံ၊ ဆင်ပေါင်ဝဲမြို့နယ်များရှိ ကျေးရွာ ၂၆ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများ ရာနှုန်းပြည့်ပြီးစီး

အောင်လံ ဇန်နဝါရီ ၂၄

 

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အောင်လံ၊ ဆင်ပေါင်ဝဲမြို့နယ်များရှိ ကျေးရွာ ၂၆ ရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ခွင့်ပြုရန်ပုံငွေ၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင်လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ခရိုင်ဦးစီးဌာနမှ သိရသည်။

 

အဆိုပါကျေးရွာ ၂၆ ရွာမှာ မင်းကန်(မ)၊ ဟိုင်းကြီးဒိုး၊ ကွမ်းလောင်း(ရေ)၊ မြင်းကပိုင်၊ ရွာဟိုင်း၊ ပြကြီး၊ လက်ပန်လှ၊ ဇိမ့်၊ သံချိတ်၊ နတ်မောက်၊ ဒန်းဒေါင့်၊ စမြ၊ သိုက်စမ်း၊ ရွာမထုံး၊ ရွာသစ်၊ စည်ပင်လှ၊ ဝါးရှိ(ကုန်း)၊ တဲချောင်း၊ ကန်လှ၊ မကြီးကန်၊ အလယ်ကန်၊ မောင်းတုန်း၊ နားပဲ့၊ ဆိုင်းစု၊  သာဝတ္ထိ၊ ကရကတ်ကျေးရွာများဖြစ်ပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၂၅ခု၊ သောက်သုံးရေရရှိရေးလုပ်ငန်း တစ်ခု တို့အား VDPစီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၂၆၀၀၊ ပြည်သူလူထုထည့်ဝင်ငွေကျပ်သိန်း ၁၈၀၀ ကျော်တို့ဖြင့်ကျေးရွာပြည်သူလူထုကိုယ်တိုင် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

" ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ကျေးရွာ၏ ပကတိလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး စီမံချက်များကိုမိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်များတွင်ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီးနှစ်စဉ် VDP စီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် လမ်း၊ တံတား၊ သောက်သုံးရေရရှိရေး၊ မီးလင်းရေးအစရှိသည့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း အောင်လံခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး ကပြောပြ၍သိရသည်။    

 

ငြိမ်းသူ