အောင်လံမြို့၌ ဝါသီးနှံအထွက်နှုန်းခန့်မှန်းတိုင်းတာခြင်း နည်းစနစ်လက်တွေ့သင်တန်းဖွင့်  

အောင်လံ ဒီဇင်ဘာ ၂၇

 

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ ဝါသီးနှံအထွက်နှုန်းခန့်မှန်းတိုင်းတာခြင်းနည်းစနစ် လက်တွေ့သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဝါသီးနှံမျိုးသန့်ခြံအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် သရက်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ဝါသီးနှံမျိုးသန့်ခြံတာဝန်ခံ ဒေါ်အေးအေးမြင့်က ဝါသီးနှံသည် တစ်ဧကအထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရသော ဝင်ငွေရသီးနှံတစ်မျိုးဖြစ်၍ လက်ရှိတောင်သူများ စိတ်ဝင်စား စိုက်ပျိုးလာသောသီးနှံတစ်မျိုးဖြစ်ကြောင်း၊ ဝါသီးနှံသည် စားဝတ်နေရေးတွင် ဝတ်ရေးအတွက် အရေးကြီး သီးနှံတစ်မျိုးဖြစ်ပြီး တစ်ဧကအထွက်နှုန်း ကောင်းမွန်သော ဝါမျိုးကောင်းမျိုးသန့်များဌာနမှဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် ယခုအခါဝါသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာပြီဖြစ်၍ ဝါသီးနှံအထွက်နှုန်းမြင့်မားရေးအတွက် စိုက်စနစ်၊ သွင်းအားစုမှန်ကန်စွာ ထည့်သွင်းစိုက်ပျိုးထားရှိပြီး တစ်ဧက ထွက်ရှိသည့် ပိဿာသိရှိနိုင်ရန်အတွက် ရည်ရွယ်၍ ဝါသီးနှံအထွက်နှုန်းခန့်မှန်းတိုင်းတာခြင်းနည်းစနစ်လက် တွေ့သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

 

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ (၁၅)ဦးတက်ရောက်လျက်ရှိပြီး သင်တန်း ကာလမှာ ၂ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)