အောင်လံမြို့နယ်၌ ကြက်သားပေါက်များအား အပူပေးသည့် မီးသီးမှတစ်ဆင့် အပူလွန်ကဲ၍ မီးလောင်

အောင်လံ   ဇန်နဝါရီ   ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက အောင်လံမြို့ ရွာထောင်ရပ်ကွက် အေးချမ်းဖြိုး (၂၁)လမ်းတွင် ကြက်သားပေါက်များထားရှိသည့် တဲအိမ် တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်း ဦးစီးသော သန္ဓေနှင့် အရန်မီး သတ်တပ်ဖွဲ့ဝင် ၃၆ ဦးတို့က မီးသတ်ယာဉ် ခြောက်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားပြီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဖြစ်စဉ်မှာ ကြက်သားပေါက်များအား အပူပေးသည့် မီးသီးမှတစ်ဆင့် အပူလွန်ကဲ၍ အမိုး သက်ကယ်သို့ ကူးစပ်ရာမှ စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများအား နောင်အလားတူ မီးပေါ့ဆမှုမရှိစေရေး ရွာထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)