အောင်မြေသာစံမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသူ ၁ ဦးနှင့် ပူးပေါင်းကူညီသူ ၃ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ၂၈  ဇွန်

 

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသူ အမျိုးသား ၁ ဦးနှင့် ပူးပေါင်းကူညီသူ အမျိုးသား ၃ ဦးတို့အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ ည ၈ နာရီကျော်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၁) ရပ်ကွက်နေ မိုးဟိန်းကို မောင်းနှင်ပြီး မ--------- လိုက်ပါလာသည့် ဆိုင်ကယ်သည် အောင်မြေသာစံမြို့နယ် (၂၆) လမ်း (ကျုံးဘေး) အတိုင်း အရှေ့ဘက်မှ အနောက်ဘက်သို့ မောင်းနှင်လာကာ (၂၆x၈၀) လမ်းထောင့် မီးပွိုင့်အရောက်၌ မီးနီ၍ ရပ်တန့်နေစဉ် ၎င်းတို့၏နောက်မှ ဆိုင်ကယ် ၁ စီးဖြင့် လိုက်ပါလာသည့် အမျိုးသား ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွား၍ မိုးဟိန်းကိုတွင် ဝဲနံဘေး ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရကြောင်း မိုးဟိန်းကို၏ ဖခင်မှ တိုင်တန်းသဖြင့် အောင်မြေသာစံမြို့နယ် အမှတ် (၂) နယ်မြေ ရဲစခန်း (ပ)၁၁၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆ ဖြင့်အမှုဖွင့် စုံစမ်းခဲ့သည်။

 

အမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များက စိစစ်စုံစမ်းခဲ့ရာ မိုးဟိန်းကို၏ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူ မ---------၏ ပြောပြချက်အရ သေနတ်ဖြင့် ပစ်ခတ်သူမှာ ၎င်း၏ ရည်းစားဟောင်း ဝေယံကျော် (ခ) ရဲမာန် ဖြစ်ကြောင်းသိရှိရပြီး ထပ်မံစုံစမ်းစစ်ဆေး ဖော်ထုတ်ချက်များအရ အခင်းဖြစ်ပွားစဉ် ဆိုင်ကယ်မောင်းသူ မဟာအောင်မြေအရှေ့ ရပ်ကွက်နေ စိုင်းသူရဦး (ခ) ရှမ်းကြီးအား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ် ၁ စီးနှင့်အတူ ၎င်း၏နေအိမ်၌ လည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်သည့် မဟာအောင်မြေမြို့နယ် ချမ်းမြသာစည် မြောက်ရပ်ကွက်နေ မင်းသူရိန်ခန့်(ခ) သူရိန်ခန့်နှင့် လမင်းနိုင် (ခ) မောင်ဝိုင်းတို့အား Webley အမျိုးအစား ခြောက်လုံးပြူး သေနတ် ၁ လက်၊ ၎င်းကျည် ၁၀ တောင့် တို့နှင့်အတူ ၎င်းတို့၏ နေအိမ်များ၌ လည်းကောင်း၊ သေနတ်ဖြင့်ပစ်ခတ်သူ ဝေယံကျော် (ခ) ရဲမာန်အား စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာ ဘုန်းကြီးကျောင်း၌ လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဝေယံကျော် (ခ) ရဲမာန်၏ ထွက်ဆိုချက်အရ ၎င်း၏ရည်းစားဟောင်းဖြစ်သူ မ----------မှာ မိုးဟိန်းကိုနှင့်အတူ ဆိုင်ကယ်စီးနင်းသည်ကို မကျေနပ်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တရားမဝင် သေနတ်ရရှိ ကိုင်ဆောင်မှုအခြေအနေအား ဆက်လက်စိစစ် ဖော်ထုတ်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

(သတင်းစဉ်)