အောင်ပွဲရ ကရင်ပြည်နယ်ဘောလုံးအသင်းအား သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆို

ဘားအံ ဩဂုတ် ၅

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးခဲ့သော အောင်ပွဲရ ကရင်ပြည်နယ် ဘောလုံးအသင်းအား ဩဂုတ် ၄ ရက်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ၊ ဒေသခံတိုင်ရင်းသား ပြည်သူများ၊ ကရင်ရိုးရာ ယဉ်ကျေးမှု ဒုံးအဖွဲ့များက အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့နောက် ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။ ယင်းနောက် ကရင်ပြည်နယ် ဘောလုံးအသင်း၏ အုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားများက ပြည်ထောင်စု တံခွန်စိုက်ဆုဖလားအား ဝန်ကြီးချုပ်ထံ အပ်နှံကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အောင်ပွဲရ ကရင်ပြည်နယ် ဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေကျပ် သိန်း ၅၀ နှင့် အုပ်ချုပ်မှုအဖွဲ့အား ငွေကျပ် ၁၀ သိန်းတို့ကို ဂုဏ်ပြုချီးမြှင့်ကာ ပြည်နယ် ဘောလုံးဆပ်ကော်မတီ၊ အောင်နိုင်ရေး ကော်မတီဝင်များနှင့် ဘောလုံး အားကစားဝါသနာရှင်များက ငွေကျပ် ၁၂၉ သိန်းကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)