အောင်ပန်းမြို့အနီး  ကျောက်မီးသွေးတွင်း အထဲ၌ အောက်ဆီဂျင်ပြတ်၍ လုပ်သားသုံးဦး သေဆုံး

ကလော  ၆   ဧပြီ 

ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ် အောင်ပန်းမြို့ နှောင်ရဲကျေးရွာ ကျေးရွာအုပ်စု  အနောက်မြောက်ဘက် ၁၅ မိုင် အကွာတွင် ဧပြီ  ၅ ရက်နေ့  နံနက် ၁၀ နာရီခန့်က    ကျောက်မီးသွေး တူးဖေါ်ရေးတာဝန်ခံမှ  အောင်ပန်းနယ်ရဲစခန်းသို့ လုပ်သားသုံးဦး ကျောက်မီးသွေးတွင်းထဲတွင် အောအောက်ဆီဂျင်ပြတ်၍ သေဆုံးကြောင်း ဖုန်းဖြင့် ဆက်သွယ်လာသဖြင့်  အောင်ပန်းနယ်မြေ စခန်းမှူး ရဲအုပ်စိုးဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ အသိသက်သေ အုပ်ချုပ်ရေးမှုးတို့နှင့် အတူ သွားရောက်စစ်ဆေးခဲ့ရကြောင်း သိရသည်။

ယင်းသို့စစ်ဆေးရာ ကျောက်မီးသွေးတွင်း အနက် ပေ ၂၀ ခန့်ရှိ ဂလိုင် ၁၅ ပေ ခန့်ရှိသော အတွင်းဝတွင် လုပ်သား (၃ ) ဦးသေဆုံးနေသည်ကို တွေ့မြင်ရသဖြင့် သေဆုံးသူများမှာ ဦးဝင်းဦး ဘုရားဖြူကျေးရွာ နှောင်ရဲကျေးရွာအုပ်စု၊ ဦးအေးကျော် ဘုရားဖြူကျေးရွာနှောင်ရဲအုပ်စု၊ ကျင်ဇော် ပွေးလှရွှေကုန်းကျေးရွာ နေသူတို့ ဖြစ်ကြောင်းသိရှိရပြီး  သေဆုံးသူများမှာ အောက်ဆီဂျင်ပြတ်၍ အသားဖြူဖတ်ဖြူရော် မျက်လုံးအိမ်ကျယ်သော လက္ခဏာများ တွေ့ရှိရသဖြင့်   အောင်ပန်းပြည်သူ့ ဆေးရုံသို့ မွန်းတည့် ၁၂ နာရီအချိန် ရဲဆေးစာနှင့်အတူပို့ဆောင် ထားရှိခဲ့ပြီး ၎င်းသေဆုံးသူများမှာ ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်၊မဟုတ် အောင်ပန်းနယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပြန်/ဆက်မှ  သတင်းရရှိသည်။

MDN

 

အေသ