အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်

နေပြည်တော် ဇန်နဝါရီ ၂၈

တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်အပြင် နိုင်ငံ့အကျိုးပြု လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီထမ်းဆောင်လျက်ရှိရာ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များအနက် ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်သောနေရာများတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ တပ်မတော်သားများနှင့် မိသားစုဝင်များအပြင် ဒေသခံ ပြည်သူများကိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အောင်ပန်းမြို့ရှိ တပ်မတော် ဆေးရုံ၌ ယနေ့တွင် ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုး လူနာနှစ်ဦးကို အောင်မြင်စွာ အစားထိုး ခွဲစိတ်ကုသပေးနိုင်ကြောင်း သိရသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် လာရောက်သည့် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားခဲ့သည့် ကျောက်ကပ်ပျက်စီးသည့် ဝေဒနာရှင်လူနာများကို ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသပေးနိုင်ရေး လမ်းညွှန်ချက်အရ အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးသည့် လူနာများအတွက် ကျောက်ကပ်ဆေးသည့် ဆေး ကုသမှုအပြင် ကျောက်ကပ် အစားထိုးကုသမှုကို ပထမဆုံးအကြိမ် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံမှ တပ်မှူး ဗိုလ်မှူးချုပ် စောရန်နိုင် ဦးဆောင်သည့် ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ပါရဂူများ။ ဗိုလ်မှူးကြီး ဒေါ်ခင်ဖြူပြာ ဦးဆောင်သည့် ကျောက်ကပ်ကို သမားတော်များ၊ ဗိုလ်မှူးကြီးဒေါ်ယုအေးလတ်ဦးဆောင်သည့် မေ့ဆေးပါရဂူများနှင့် ကျွမ်းကျင် သူနာပြုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အစားထိုးခွဲစိတ်ကုသပေးရာတွင် ကျောက်ကပ်လှူဒါန်းသူ တစ်ဦးကို ခေတ်မီနည်းစနစ်ဖြစ်သော ဝမ်းဗိုက်တွင် အပေါက်ငယ်များ ဖောက်၍ မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (Laparoscopic Donor Nephrectomy) ဖြင့် ခွဲစိတ်ကုသပေးခဲ့သဖြင့် ကျောက်ကပ်လှူဒါန်းသူမှာ နာကျင်မှု သက်သာကာ ပိုမိုမြန်ဆန်စွာ သက်သာပျောက်ကင်းနိုင်ကြောင်း သိရသည်။

တပ်မတော်ဆေးရုံများတွင် ကျောက်ကပ်အစားထိုးခွဲစိတ် ကုသခြင်းကို ၁၉၉၅ ခုနှစ်မှ စတင် ခွဲစိတ်ကုသပေးခဲ့ပြီး ယခုအထိ ကျောက်ကပ်ပျက်စီး သည့် လူနာ ၃၀၈ ဦးကို အောင်မြင်စွာ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်