အောင်သွယ်တော်စိန်အားသစ် ရုပ်ရှင်ဇာတ်ကား ဇူလိုင်၂၅ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၁၄ ဇူလိုင်

 

အောင်သွယ်တော်စိန်အားသစ် ရုပ်ရှင်ဇာတ်ကားကို ဇူလိုင် ၂၅ရက်တွင် တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်ဖြစ်ကြောင်း ယနေ့ နံနက် ၇နာရီခွဲက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံတွင် ပြသသည့် အထူးပွဲမှသိရသည်။ 

 

အဆိုပါ ဇာတ်ကားတွင် အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ ရဲအောင်၊ အားသစ်၊ ယုသန္တာတင်၊ ထွန်းအိန္ဒြာဗိုလ်၊ တက္ကသိုလ်ဂွမ်းပုံ၊ ကျော်ထူး၊ ဟားတစ်သိုက်နှင့် သရုပ်ဆောင် များစွာပါဝင် သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ၊ ဇာတ်ညွှန်း စွမ်းပိုင်တို့က တက္ကသိုလ်ကျောင်းသားဘဝကို သရုပ်ဖော်ရိုက်ကူးထားသည်။

 

ဇာတ်ကားနှင့်ပတ်သက်၍ အကယ်ဒမီ ရဲအောင်က  “ကျွန်တော်တို့ ဖြတ်သန်း လာခဲ့တဲ့ တက္ကသိုလ်မှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ စတာနောက်တာတွေရှိ တယ်၊ ဒါမျိုးကို ရိုက်ကူးထားတာမို့ ဒီဇာတ်ကားကိုကြည့်ပြီး ပျော်ရမှာပါ။ တက္ကသိုလ်မှာ သွားရိုက်ထားတာမို့ ကျောင်းနောက်ခံ ဇာတ်လမ်းအဖြစ် ပီပြင်နေတာပါ”ဟု ပြောသည်။ 

 

သရုပ်ဆောင်ယုသန္တာတင်က “ဒီဇာတ်ကားကို ရိုက်တာသုံးနှစ်လောက် ရှိပြီ၊ ရိုက်တုန်းက ကျောင်းမှာ ကျောင်းသူတွေ၊ ကျောင်းသားတွေ ဖြစ်တတ်တဲ့ပုံစံ ဟာသမျိုး ရိုက်ထားတာတာပါ၊ ဒီကားမှာ မမ နေရာက သရုပ်ဆောင်ထားပါတယ်။ မောင်လေးက နည်းနည်းဆိုးတော့ လိုက်ထိန်းပေးရတဲ့ပုံစံမျိုးပါ” ဟု ပြောသည်။

 

သရုပ်ဆောင် အားသစ်က “ဇာတ်လမ်းထဲမှာ ကျွန်တော်က ဒဂုံတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားပါ၊ အခန်းတိုင်းလိုလိုက ပျော်နေရတယ်၊ ရယ်နေရတော့ အမှတ် တရတွေအများကြီးရှိခဲ့ပါတယ်။ ဟာသကားဆိုပေမယ့်လည်း သူ့အချိတ် အဆက်လေး တွေနဲ့ ဇာတ်လမ်းရဲ့ အခန်းတိုင်း ရယ်နေရတော့ ပရိသတ်ကြိုက်မယ် ထင်ပါ တယ်”ဟု ပြောကြားသည်။ 

 

သန့်ဇင်ဝင်း