အေးအတူပူအမျှ အတူတကွလက်တွဲကြမယ်လေ

ဇာနည်ဘွား

ယခုနှစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်သည် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ တစ်နည်းအားဖြင့် လွန်ခဲ့သည့် (၇၆) နှစ် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ပင်လုံမြို့၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် တောင်ပေါ်မြေပြန့်မကျန် ပြည်ထောင်စုကို တည်ထောင်ပြုရန်အတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော သမိုင်းဝင်နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပါသည်။

သမိုင်းသင်ခန်းစာ ယူစရာများ

(၇၆)နှစ်မြောက် အခါသမယတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားများအတွက် ပြန်ပြောင်းဆင်ခြင်ဖွယ်ရာများ၊ သင်ခန်းစာယူစရာများက အများသားလား။ အထူးသဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကဏ္ဍတို့တွင် ပြန်ပြောင်းဆင်ခြင်ဖွယ်ရာများ၊ သမိုင်းသင်ခန်းစာ ယူစရာများက တစ်ပုံတစ်ပင် များပြားလှပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုး ရှစ်မျိုးနှင့် မျိုးနွယ်စုပေါင်း ၁၃၀ ကျော်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့ဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် နိုင်ငံ၏ အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အားမာန်ကြောင့်လည်း သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့ပြီး လွတ်လပ်ရေးအောင်ပန်းကို ရယူဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ကို အကြောင်း ပြု၍ လွတ်လပ်ရေးနေ့သည် ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။

သို့ရာတွင် ပြည်ထောင်စုနယ်မြေတစ်ဝန်းလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွင်မူ လှေပြေးတုန်း တက်ကျိုးသလိုဖြစ်ခဲ့ရ၍  အခြားဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် တိုးတက်သင့်သလောက် မတိုးတက်လာခဲ့သည်မှာ ဝမ်းနည်းဖွယ်ကောင်းလှပါသည်။

မြန်မာနိုင်ငံကို တစ်စစီပြိုကွဲအောင် သွေးထိုး

ပင်လုံမြေတွင် အခြေတည်၍ စုစည်းညီညွတ် ခဲ့သောတိုင်းရင်းသားအချို့သည်  လွတ်လပ်ရေးရသည့်အခါတွင်မူ ဒေသစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲတို့ကြောင့် အချင်းချင်းကြား  သံသယဝင်လာခဲ့ကြသည်။ တစ်ဖက်တွင်လည်း နယ်ချဲ့ဗြိတိသျှတို့က မစားရသည့်အမဲ သဲနှင့်ပက်သည့်အလား အိန္ဒိယနှင့် ပါကစ္စတန်ကို နှစ်ပိုင်းကွဲအောင်လုပ်ခဲ့သည့် နည်းတူ လွတ်လပ်စ မြန်မာနိုင်ငံကိုလည်း တစ်စစီပြိုကွဲပျက်စီးအောင် အစွမ်းကုန်မြှောက်ပင့် သွေးထိုးခဲ့ကြသည်။

“ဗမာတွေက မယုံရဘူး”ဟူသည့် သွေးခွဲသပ်လျှိုမှုကြောင့် လည်းကောင်း၊ ကာလကြာရှည် တောင်ပေါ်မြေပြန့် သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် လည်းကောင်း၊ လူမျိုးစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲတို့ကြောင့် လည်းကောင်း မြန်မာနိုင်ငံသည်လွတ်လပ်ရေးရပြီး နှစ်လကျော်၊ သုံးလအတွင်းမှာပင် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။ ထိုကဲ့သို့  သွေးထိုးလှုံ့ဆော်၊ သပ်လျှိုသွေးခွဲမှုများ၏ အကျိုးဆက်များကား ယနေ့ထိတိုင် နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားလျက်ရှိသဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်ဆုံးရှုံးနစ်နာစေခဲ့သည်။

 အကြံဉာဏ်၊ ညွှန်ကြားချက် တောင်းခံ

ကိုလိုနီနယ်ချဲ့တို့သည် မြန်မာနိုင်ငံအပါအဝင် လွတ်လပ်စနိုင်ငံငယ်များအပေါ် သွေးထိုးလှုံ့ဆော်၊ သပ်လျှိုသွေးခွဲမှုများကို ဆောင်ရွက်ရာတွင် ဝဿကာရနည်းအတိုင်း လုပ်ဆောင်လေ့ရှိသည်။ ဝဿကာရသည်ကား မဂဓတိုင်းကြီးသခင် ဘုရင် အဇာတသတ်မင်း၏ အမတ်ကြီးတစ်ဦးဖြစ်သည်။ အဇာတသတ်မင်းသည် ဝေသာလီပြည်မှ လိစ္ဆဝီမင်း တို့ကို မျက်မုန်းကျိုးအမျက်တော်ရှနေခဲ့သည်မှာ ကြာခဲ့လေပြီ။ သို့သော် လိစ္ဆဝီမင်းတို့၏ စည်းလုံးညီညွတ်မှု၊ ထကြွလုံ့လရှိမှုတို့ကြောင့် စစ်ပွဲတစ်ပွဲကို လက်လွတ်စပယ်မလုပ်ရဲဘဲ  အခွင့်ကောင်းကို စောင့်ဆိုင်းနေခဲ့သည်။ သို့ဖြင့် တစ်နေ့သောအခါဝယ် အဇာတသတ်မင်းသည် ဝဿကာရအမတ်ကြီးကို မြတ်စွာဘုရားရှင်ထံစေလွှတ်၍  အကြံဉာဏ်၊ ညွှန်ကြားချက် ရလိုရငြားတောင်းခံစေခဲ့သည်။

မြတ်စွာဘုရားရှင်သည် ကိုယ်တော်တိုင်ဂဏ အုပ်ချုပ်ရေးနိုင်ငံငယ်တစ်ခုတွင်  ဖွားမြင်ခဲ့သူပီပီ ဂဏအုပ်ချုပ်ရေးနိုင်ငံငယ်တစ်ခုဖြစ်သော ဝေသာလီပြည်ကို စစ်သွေးစစ်မာန်တက်ကြွနေသော ဧကရာဇ်မင်းက စစ်မတိုက်ရန် “ဝဇ္ဇီတို့သည်  ဤသို့သော ကြီးပွားကြောင်းတရားခုနစ်ပါးတို့နှင့်  ပြည့်စုံနေသမျှကာလပတ်လုံး သူတို့အတွက် တိုးတက်ကြီးပွားခြင်းသာဖြစ်လတ္တံ့။  ဆုတ်ယုတ်ပျက်စီးခြင်းဟူ၍ မရှိနိုင်ပေ”ဟူ၍ ညီတော်အာနန္ဒာအား သွယ်ဝိုက်၍ မိန့်ကြားတော်မူခဲ့သည်။

သို့ရာတွင် ဝဿကာရအမတ်ကြီးကတော့ သူ့အဓိပ္ပာယ်နှင့်သူကောက်ယူပြီး “အရှင်ဂေါတမ၏ မိန့်ကြားချက်အရ တပည့်တော်သဘောပေါက်သွားပါပြီ။ အဇာတသတ်မင်းသည် ဝဇ္ဇီတို့ကို စစ်ရေးဖြင့် မချေမှုန်းသင့်ပါ။ ဖြားယောင်းသွေးဆောင်ခြင်းဖြင့် သော်လည်းကောင်း၊ သူတို့အချင်းချင်းသင်းခွဲပေး ခြင်းဖြင့်သော်လည်းကောင်း သူတို့ကိုချေမှုန်းရပါတော့မည်ဘုရား” ဟုဆိုကာ ပြန်လည်ထွက်ခွာသွားလေသည်။

ထို့နောက်ပိုင်းတွင် ဝဿကာရအမတ်ကြီးသည် ဘုရင်အဇာတသတ်နှင့် စိတ်ဝမ်းကွဲသယောင် ဟန်ဆောင်ကာ ဝေသာလီပြည် လိစ္ဆဝီမင်းတို့ထံသို့ ပြေးဝင်ခိုလှုံလေတော့သည်။ လိစ္ဆဝီမင်းတို့ကလည်း သူ၏ပညာနှင့်သမ္ဘာအရ အမတ်ကြီးအဖြစ် ဆက်လက်မြှောက်စားခဲ့သည်။  ထိုသောအခါ ဝဿကာရသည် သူ့မူလအကြံအစည်အတိုင်း ကနဦး အများအာရုံစိုက်လာစေရန်  ညီလာခံသို့စော၍ လည်းကောင်း၊ နောက်ကျ၍လည်းကောင်း ခစားဝင်ရောက်လေသည်။ 

အချင်းချင်းကြား စိတ်ဝမ်းကွဲလာ

ထိုသို့ အများက အာရုံစိုက်လာသည့်အခါတွင် အနီးအနားရှိ လိစ္ဆဝီမင်းသားအချို့ထံ သွားရောက်၍ အရေးမပါ၊ အရာမရောက်သောစကားတို့ကို တီးတိုးတီးတိုးသွား၍ ပြောပြန်လေသည်။ အပြောခံရသည့် လိစ္ဆဝီမင်းသားအချို့ကို  ကျန်မင်းသားအချို့က လူ့သဘာဝအရ ဝဿကာရ ဘာလာပြောသည်ကို သိလို၍ မေးမြန်းကြသောအခါ အပြောခံရသည့် မင်းသားတို့က ဝဿကာရစကားမှာ ဘာမှမဟုတ်၍ ဘာမှမဟုတ်ပါဘူးဟုဆိုသောအခါ ကျန်လိစ္ဆဝီ မင်းသားတို့သည်  သံသယတွေပွားလာကြတော့သည်။ ဤသို့ဖြင့် ပြောဖန်များလာသောအခါဝယ် လိစ္ဆဝီမင်းတို့အချင်းချင်းကြား စိတ်ဝမ်းကွဲလာခဲ့ကြပြီး သူ့အုပ်စု၊ ကိုယ့်အုပ်စုဖြင့် စည်းလုံးညီညွတ်မှု ပြိုကွဲသွားခဲ့လေသည်။ အဆုံးတစ်နေ့မှာတော့ တံတိုင်းသုံးထပ်တိုးချဲ့ရလောက်အောင် တိုးတက်စည်းကားခဲ့သော ဝေသာလီပြည်သည် ဝဿကာရ အမတ်ကြီး၏ ဖြိုခွင်းမှုကြောင့် တစ်ပြည်ထောင်လုံး ပျက်စီးသွားခဲ့ရလေသည်။ 

မျက်မှောက်ကာလတွင်လည်း ခေတ်သစ် ကိုလိုနီနယ်ချဲ့တို့သည် ဝဿကာရအမတ်ကြီးထုံး နှလုံးမူ၍ ပြည်ထောင်စုကြီး တစ်စစီပြိုကွဲပျက်စီး သွားစေရန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အစွမ်းကုန်သွေးခွဲသပ်လျှိုလျက်ရှိနေဆဲပင်။

လက်နက်ကိုင်သံသရာမှရုန်းထွက်ကြရန် အချိန်ကျပြီဖြစ်

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လွတ်လပ်ရေးရပြီးမကြာခင်မှာပဲ ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည် ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်ရာ ထိုသို့ မပြီးနိုင်၊ မစီးနိုင်၊ အဖြေမထွက်နိုင်သည့် လက်နက်ကိုင်သံသရာမှရုန်းထွက်ကြရန် အချိန်ကျပြီဖြစ်ကြောင်း” ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင်  ကျင်းပခဲ့သည့်  ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားသို့  ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်းခဲ့ပါသည်။

ထို့အတူ “ကရင်ပြည်နယ်အတွင်း ရှိနှင့်ပြီးဖြစ်သည့် သယံဇာတအရင်းအမြစ်များနှင့် အခြေခံ ကောင်းများကို အသုံးချ၍ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများကို  အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်မည်ဆိုပါက ကရင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများတိုးတက်လာပြီး ဒေသခံ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝသည်လည်း ပြောင်းလဲလာမည်ဖြစ်ကာ ကရင်ပြည်နယ်သည်လည်း အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာ မည်ဖြစ်ပါကြောင်း” စသည်ဖြင့် သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

လက်နက်ကိုင် ပဋိပက္ခများကြောင့် သဘာဝအလှအပများ မခံစားနိုင်
အလားတူ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတု ကချင် ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “သာယာလှပပြီး သယံဇာတပေါကြွယ်ဝသည့် ကချင်ပြည်နယ်သည် ယနေ့ထက်တိုင်ကာလကြာရှည်စွာ လက်နက်ကိုင် ပဋိပက္ခများကြောင့် သဘာဝအလှအပများကိုလည်း မခံစားနိုင်၊ သယံဇာတများကိုလည်း ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးမပြုနိုင်ဘဲ ဖြစ်နေရပါသည်။ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ  အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်” ဟု ဖော်ပြခဲ့ပါသည်။   

ဆက်လက်၍ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ‘တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်သွားမည်’ ဆိုသည့် ဦးတည်ချက်နှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်အလေးထားဆောင်ရွက် လျက်ရှိပါသည်။  ယခုဆက်လက်၍လည်း  လက်တွေ့ကျသည့်  ငြိမ်းချမ်းရေးဆွေးနွေးမှု  လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်း ရေးရရှိရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်တာကာလ ထပ်မံတိုးမြှင့်ရပ်စဲပေးထားပါသည်။

တက်ညီလက်ညီဆောင်ရွက်ရန်လို

“နိုင်ငံတော်၏ကောင်းကျိုးကို ဆောင်ရွက်ကြရာတွင် တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်မရနိုင်ဘဲ တိုင်းရင်းသားပြည်သူအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသော ပေါင်းစုအင်အားဖြင့် တက်ညီလက်ညီဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်အတွင်း သက်ဆိုင်သူများအားလုံးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကို တိုက်တွန်းမှာကြားလိုပါသည်” စသည်ဖြင့် ဖော်ပြခဲ့သည်။

ထိုနည်းတူ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပသည့် (၇၁)နှစ်မြောက် ကယားပြည်နယ် နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ကယားပြည်နယ်သည် သဘာဝက ဖန်တီးပေးထားသည့် သဘာဝသယံ ဇာတအခြေခံကောင်းများစွာ ရှိနေပြီးဖြစ်၍ မျက်မှောက်ကာလတွင် တည်ရှိပြီးသား သဘာဝအလှတရားများနှင့် သယံဇာတထွက်ကုန်များကို ထိထိရောက်ရောက်အသုံးချကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို  ဟန်ချက်ညီညီ ဝိုင်းဝန်းဆောင်ရွက်ကြခြင်းဖြင့် ဒေသခံတိုင်းရင်း သားပြည်သူများ၏ လူမှုစီးပွားဘဝ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ပါသည်” ဟူ၍လည်းကောင်း၊

ပဋိပက္ခများ၏ အကျိုးဆက်များကိုခံစား

“လက်နက်ကိုင်ပဋိပက္ခများရှိနေသည့် ဒေသများတွင် ပဋိပက္ခများ၏ အကျိုးဆက်များကို ယင်းဒေသမှပြည်သူများ တိုက်ရိုက်ခံစားနေကြပြီး ကျန်ပြည်သူများက သွယ်ဝိုက်၍ ခံစားနေကြရပါသည်။ လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် လူ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အတားအဆီးဖြစ်စေရုံသာမက ကလေးငယ်များ၏ပညာရေး၊  ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ခက်ခဲစေပြီး ပဋိပက္ခ များကြောင့် စီးပွားရေးကျဆင်းကာ ဆင်းရဲမှုနှုန်း မြင့်တက်စေခြင်းမှာ  နိုင်ငံ၏အနာဂတ်အတွက် ရင်လေးဖွယ်ရာဖြစ်သည်ကို သတိထားလုပ်ဆောင်ကြရန်  တိုက်တွန်းမှာကြားလိုပါသည်”ဟူ၍ လည်းကောင်း ဖော်ပြခဲ့သည်။

သို့ဖြစ်ရကား (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့နှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်ထောင်စုဖွားတိုင်းရင်းသားအပေါင်းသည် ကုန်လွန်ခဲ့သည့် သမိုင်းအတွေ့အကြုံများ၊ သမိုင်းသင်ခန်းစာများကို အလေးအနက်ရှုမြင် သုံးသပ်ဆင်ခြင်၍ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး အကြားအလပ် မရှိ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးတို့အတွက် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး အေးအတူပူအမျှ အတူတကွလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။         ။