အေဒင်ပင်လယ်ကွေ့တွင် ကုန်တင်သင်္ဘောတစ်စင်း ဟူသီတို့၏ ဒုံးကျည်ပစ်ခတ်ခံရပြီး ဖိလစ်ပိုင်နိုင်ငံသား သင်္ဘောသားနှစ်ဦးသေဆုံး

မနီလာ၊ မတ် ၇

ယီမင်နိုင်ငံတောင်ပိုင်း အေဒင်ပင်လယ်ကွေ့တွင် မကြာသေးမီက ကုန်တင်သင်္ဘောတစ်စင်းကို ဟူသီ စစ်သွေးကြွများက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် သင်္ဘောသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက မတ် ၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

နောက်ထပ် ဖိလစ်ပိုင်နိုင်ငံသား သင်္ဘောသား နှစ်ဦးမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း ရွှေ့ပြောင်းလုပ်သားများရေးရာဌာနက ကြေညာချက်ထုတ်ပြန်သည်။ အဆိုပါကုန်တင် သင်္ဘောမှာ မတ် ၆ ရက်က အေဒင်ဆိပ်ကမ်း အနောက်တောင်ဘက် ရေမိုင် ၅၀ အကွာတွင် သင်္ဘောဖျက်ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

အဆိုပါသင်္ဘောပေါ်တွင် သင်္ဘောသား ၂၀ ပါဝင် ပြီး ဖိလစ်ပိုင်နိုင်ငံသား ၁၅ ဦးအထိ ပါဝင်သည်ဟု သိရသည်။

သင်္ဘောပေါ်ရှိ ဖိလစ်ပိုင်နိုင်ငံသားများနှင့် ပတ်သက်၍ ရွှေ့ပြောင်းလုပ်သားများရေးရာဌာနက အတိအကျ ပြောကြားခဲ့ခြင်းမရှိချေ။ ကျန်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံသားများ နေရပ်ပြန်ပို့နိုင်ရေး သင်္ဘောပိုင်ရှင်၊ စီမံကွပ်ကဲရေး အေဂျင်စီတို့နှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။

အသက်ရှင်ကျန်ရစ်သည့် ဖိလစ်ပိုင်နိုင်ငံသားများကို လုံခြုံစိတ်ချရသောဆိပ်ကမ်းသို့ အာဏာပိုင်များက ခေါ်ဆောင်သွားနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် သင်္ဘောသားအများအပြား ထောက်ပံ့ပေးနေသည့်နိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံးအနှံ့ သင်္ဘောသားငါးပုံတစ်ပုံမှာ ဖိလစ်ပိုင်နိုင်ငံကဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းမှ သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း အစ္စရေး ကုန်တင်သင်္ဘောပေါ်မှ ဖိလစ်ပိုင်သင်္ဘောသား ၁၇ ဦး ကို ဟူသီစစ်သွေးကြွများက ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ၎င်းတို့မှာ ယခုအချိန်အထိ လွတ်မြောက်လာခြင်း မရှိသေးချေ။

ဆင်ဟွာ