AFC Cup ပြိုင်ပွဲ အုပ်စု (H) အဖွင့်ပွဲအဖြစ် ရှမ်းယူနိုက်တက်နှင့် ကာယာအသင်းတို့ ယှဉ်ပြိုင်ကစားမည်

ရန်ကုန်  ၁၁ ဖေဖော်ဝါရီ

၂၀၂၀ AFC Cup ပြိုင်ပွဲ အုပ်စု(H) ပထမနေ့ အဖွင့်ပွဲစဉ်အဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ကလပ် ကာယာအသင်းတို့ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ 

အဆိုပါပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက သုဝဏ္ဏဘောလုံးကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးအောင်နိုင်က ''ပြီးခဲ့တဲ့နှစ် ကစားခဲ့တဲ့ အသင်းထက် လက်ရှိအသင်း အနေအထားကို ပိုပြီးအားရပါတယ်။ ဒီနှစ်မှာ နောက်တစ်ဆင့်တက်ဖို့ မျှော်မှန်းထားပြီး အကောင်းဆုံးကြိုးစားသွားမှာပါ။ ကာယာအသင်းနဲ့ ကစားရမယ့်အုပ်စုအဖွင့်ပွဲမှာ ရလဒ်ကောင်းရဖို့ ကြိုးစားသွားမှာပါ။ ဒဏ်ရာရကစားသမားတချို့ ရှိပေမယ့် အကောင်းဆုံး လူစာရင်းနဲ့ပွဲထွက်ပြီး ရလဒ်ကောင်းဖို့ ကြိုးစားမှာပါ''ဟု ပြောကြားသည်။

ရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် သီဟစည်သူက ''နည်းပြရဲ့ ညွှန်ကြားချက်အတိုင်း အကောင်းဆုံး ကြိုးစားသွားမှာပါ။ အသင်းသားတွေအားလုံး ရလဒ်ကောင်းရဖို့ စည်းစည်းလုံးလုံးနဲ့ ကစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။ 

ကာယာအသင်းနည်းပြချုပ် ကိုလီနာက ''မြန်မာနိုင်ငံရဲ့ အမှတ်ပေးချန်ပီယံအသင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ရှမ်းယူနိုက်တက်အသင်းကို လေ့လာထားသလောက် အသင်းကောင်းဖြစ်သလို ကစားသမားကောင်းတွေလည်း အများကြီးရှိပါတယ်။ ရလဒ်ကောင်းရဖို့ ကြိုးစားမှာပါ''ဟု ပြောကြားသည်။

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (H) တွင် ကာယာ(ဖိလစ်ပိုင်)၊ တမ်ပနိစ်ရိုဗာ(စင်ကာပူ)၊ မာကာဆာ(အင်ဒိုနီးရှား)တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ ရှမ်းယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲတွင် သုံးကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့် ရရှိခြင်း ဖြစ်သည်။

ညီမြတ်သော်တာ