A.G.T.I ဒီပလိုမာလက်မှတ်ရ အရည်အချင်းပြည့်ဝသည့် ကျွမ်းကျင်သူ Technician များ ပျိုးထောင်ပေးရာ အင်းစိန် GTI

၂၁ သြဂုတ်

 

ဆယ်စုနှစ်တစ်ခုကျော် တိတ်ဆိတ်သွေ့ခြောက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး     အင်းစိန်မြို့နယ်     ရွာမ (ပြည်တော်သာ) ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)  (သို့မဟုတ်)  အင်းစိန် GTI ကျောင်းတော်ကြီးသည် ကျောင်းသား  ကျောင်းသူများဖြင့်  သက်ဝင်စိုပြည်ခဲ့သည်မှာ  ပညာသင်နှစ် နှစ်ခုတိုင်ခဲ့ပြီဖြစ်သည်။

 

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် မြို့ပြအင်ဂျင်နီယာ (Civil Engineering)၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ (Electronic Engineering)၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (Electrical Power Engineering)၊ စက်မှုအင်ဂျင်နီယာ (Mechanical Engineering)၊     စက်မှုလုပ်ငန်းအင်ဂျင်နီယာ (Industrical Engineering)၊  သုတနည်းပညာ ဘာသာရပ် (Information Technology) များကိုသင်ကြားပို့ချပေးလျက်ရှိသည်။

 

သင်တန်းကာလမှာ သုံးနှစ်ဖြစ်ကာ သင်တန်းပြီးဆုံး ပါက A.G.T.I ဒီပလိုမာ  အောင်လက်မှတ်ရရှိမည်ဖြစ်ပြီး  ထူးချွန်စွာအောင်မြင်သူများကို နည်းပညာတက္ကသိုလ်များ၏ တတိယနှစ်သင်တန်းသို့ ဆက်လက်တက်ရောက်ခွင့်ပြုထားသည်။

 

ယခင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက်အင်းစိန်  GTI  ပထမနှစ်သင်တန်းများကို  တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာတွဲများပါဝင်သော မည်သည့်ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိခဲ့သည့် အင်္ဂလိပ်စာနှင့်သင်္ချာ  စုစုပေါင်းရမှတ်အပေါ်မူတည်၍  ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အင်းစိန် GTI ကျောင်းအုပ်ကြီး တွဲဖက်ပါမောက္ခဦးမြတ်ကိုက    “၂၀၁၇-၂၀၁၈   ပညာသင်နှစ်ကစပြီး ကျောင်းပြန်ဖွင့်တာဖြစ်တဲ့အတွက် A.G.T.I က ဒုတိယ နှစ်ပဲ ရှိပါသေးတယ်။ ကျွမ်းကျင်သူ Technician တွေကိုမွေးထုတ်ပေးနေတာဖြစ်ပါတယ်။  လက်ရှိမှာ Quality Assurance  ဖြစ်အောင်  ဖော်ဆောင်ဖို့  ဆောင်ရွက်နေပါတယ်။ ကျွမ်းကျင်သူ ကျွမ်းကျင်သူ Technician တွေဖြစ်ဖို့ အင်းစိန် GTI ကို လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟုပြောသည်။

 

ကျောင်းဝင်ခွင့်ကို  ၂၀၁၇  -၂၀၁၈  ပညာသင်နှစ်အတွက်  တက္ကသိုလ်ဝင်တန်းစာမေးပွဲ  အင်္ဂလိပ်စာနှင့်သင်္ချာ  စုစုပေါင်းရမှတ်      အနိမ့်ဆုံး    ၁၄၄  မှတ်ဖြင် လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင်  အနိမ့်ဆုံး ၁၃၄  မှတ်ဖြင့်လည်းကောင်း  ခေါ်ယူခဲ့ကြောင်း  အင်းစိန် GTI မှ သိရသည်။

 

အင်းစိန်  GTI တွင်  ၂၀၁၈-၂၀၁၉  ပညာသင်နှစ်အတွက် ပထမနှစ် ကျောင်းသား ကျောင်းသူ ၂၆၅ ဦးနှင့်ဒုတိယနှစ်  ၁၉၅  ဦး  စုစုပေါင်း  ၄၆၀ လက်ခံသင်ကြား ပေးလျက်ရှိသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၏ ကနဦးအစမှာ       စက်မှုလက်မှုပညာသင်ကျောင်း (Government Engineering School) အဖြစ် ၁၈၉၅ ခုနှစ်  ဧပြီ  ၁  ရက်တွင်  ရန်ကုန်မြို့  လမ်းမတော်ဘူတာရုံအနောက်ဘက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

 

၁၈၉၈  ခုနှစ်တွင်  အဆိုပါနေရာမှ  အင်းစိန်ဘူတာ အရှေ့ဘက်သို့  ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး Government School of Engineering ဟု ခေါ်ဆိုခဲ့သည်။

 

၁၉၀၈ ခုနှစ်တွင် အင်းစိန်ရွာမရှိ ယခုလက်ရှိနေရာသို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး Government School of Engineering and Technical High School  ဟုခေါ်ဆိုခဲ့သည်။

 


၁၉၁၂  ခုနှစ်မှစ၍  ယနေ့အထိ Government Technical Institute (GTI)  ဟု  ပြောင်းလဲခေါ်ဆိုခဲ့သည်။ ၁၉၉၅-၁၉၉၆ ခုနှစ် ဒုတိယနှစ်သင်တန်းများကိုသန်လျင်  GTI  သို့  ပြောင်းရွှေ့သင်ကြားခဲ့ရသည်ဟု မှတ်တမ်းများအရ သိရပြီး ၂၀ဝ၀ ပြည့်နှစ်တွင် အင်းစိန် GTI ကို စတင်ပိတ်ထားခဲ့သည်။ 

 


၂၀ဝ၇ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ယင်းနောက်တွင်မူ အင်းစိန် GTI ကျောင်းတော်ကြီး၏  ပရဝဏ်တစ်ခုလုံးတွင်  ဝန်ထမ်းအိမ်ရာ၊  ကား  အရောင်းပြခန်း၊ ပုဂ္ဂလိကဆေးရုံ၊ ပုဂ္ဂလိကကျောင်းတစ်ခုစသည်ဖြင့် နေရာပေး၍ ၎င်းတို့၏ ကိုယ်ပိုင်မြေနေရာသဖွယ်အသုံးပြုခဲ့ကြသည်။

 

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက သမိုင်းအစဉ်အလာကြီးမားသည့် စက်မှုလက်မှုသိပ္ပံ အင်းစိန် GTI ကို ယခင်ကအတိုင်း နယ်ပယ်စုံစက်မှုကို ယခင်ကအတိုင်း နယ်ပယ်စုံ စက်မှုအတတ်သင်သိပ္ပံကျောင်းအဖြစ် ပြန်လည်ထိန်းသိမ်းပြီး အတတ်သင်သိပ္ပံကျောင်းအဖြစ် ပြန်လည်ထိန်းသိမ်းပြီး သင်တန်းကျောင်းအဖြစ် ပြန်လည်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုကြောင်း ကြယ်ပွင့်ပြ မေးခွန်းကို မေးမြန်းခဲ့သည်။

 

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ မျိုးသိမ်းကြီးက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ   အင်းစိန် GTI သည်   ၁၈၉၅ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့သော သမိုင်းဝင်ကျောင်းဖြစ်ပြီး အလယ်အလတ်ကျွမ်းကျင် A.G.T.I ဒီပလိုမာလက်မှတ်ရ အရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာများကို အဓိက လေ့ကျင့်ပြုစုပျိုးထောင်ပေးခဲ့သော  ကျောင်း တစ်ကျောင်းဖြစ်ပါကြောင်း၊ ယခု အစိုးရသစ်လက်ထက်တွင် အင်းစိန် GTI ၌ မူလအတိုင်း နည်းပညာ၊ သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို  တင်ပြလိုပါကြောင်း ဖြေကြားခဲ့သည်။

 

အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ပထမဦးဆုံးမေးခွန်းဖြစ်ပြီး  အင်းစိန်  GTI  ကျောင်းကြီး ပြန်လည်ဖွင့်လှစ်ရန် ကြယ်ပွင့်ပြမေးခွန်း  မေးမြန်းဖြစ်ပုံကို   ဦးမောင်မောင်ဦးက      “နောင်ကိုဘယ်အစိုးရမျိုးကမှ      ဒါမျိုး    ထပ်မံမကျူးလွန်မိစေဖို့ အသိပေးလိုစိတ်၊ နောင်မျိုးဆက်သစ်တွေရဲ့ အနာဂတ်မှာ  အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာစေဖို့ရည်ရွယ်ပြီး  ဒီမေးခွန်းကို  မေးမြန်းခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

 

အင်းစိန် GTI ကျောင်းတော်ကြီးတွင် ကျောင်းသား ကျောင်းသူများအတွက် စာသင်ခန်းများ၊ အဆောင်များ၊ အားကစားကွင်းနှင့်  သင်ထောက်ကူပစ္စည်းများ တည်ရှိနေဆဲဖြစ်သည်။

 

၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပညာရေးဝန်ကြီးဌာနသို့   ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး   ၂၀၁၇  ခုနှစ်ဒီဇင်ဘာ    ၁    ရက်နေ့တွင်      ပညာရေးဝန်ကြီးဌာန  နည်းပညာ၊  သက်မွေးပညာနှင့်  လေ့ကျင့်ရေးဦးစီးဌာန အစိုးရစက်မှု လက်မှုသိပ္ပံ  (အင်းစိန် GTI)  ပထမနှစ်သင်တန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

အင်းစိန်  GTI  စက်မှုအင်ဂျင်နီယာ  ဒုတိယနှစ်ကျောင်းသား   မောင်ဇင်မိုးလွင်က   “ဒီကျောင်းကြီး အောင်မြင်တိုးတက်၊ နာမည်ဂုဏ်သတင်းကြီးချိန်တုန်းက ကျွန်တော်တို့ကတော့ မမွေးသေးပါဘူး။ ၁၇ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရပြီး အခုလိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ တက်ရောက်ခွင့်ရခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ မိသားစုနဲ့  တစ်မြို့တည်းနေလို့ရတယ်။ အခြားတက္ကသိုလ်တွေလို အဝေးကြီးသွားစရာ မလိုဘူး။ သွားရေးလာရေး အဆင်ပြေတယ်။ အချိန်ကုန်သက်သာတဲ့အတွက် စာလေ့လာကျက်မှတ်ဖို့  အချိန်ပိုရတယ်၊  ပညာရေးကိုပိုပြီးအာရုံစိုက်နိုင်ပါတယ်” ဟု ပြောသည်။ 

 

၂၀၁၈-၂၀၁၉      ပညာသင်နှစ်တွင်      ညနေပိုင်း သင်တန်းများအနေဖြင့်    မြို့ပြအင်ဂျင်နီယာ၊  အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာဘာသာရပ်များကို  တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်။

 

“အင်းစိန်  GTI  ကျောင်းက  အရင်ကတည်းက  နာမည်ကြီးတယ်။  စာသင်ချိန်က  တစ်နေ့ကို  ၇  နာရီလောက်ပေးထားပြီး  လက်တွေ့ပိုင်းကို  ပိုပြီးဦးစားပေးတယ်။  ဆရာနဲ့ ကျောင်းသားအချိုးမမျှတဲ့ အခက်အခဲနည်းနည်းကလွဲလို့ စက်ပစ္စည်းကိရိယာ၊ သင်ထောက်ကူပစ္စည်းတွေလည်း ပြည့်စုံပါတယ်”ဟု မြို့ပြအင်ဂျင်နီယာ ဒုတိယနှစ်ကျောင်းသူ      မမြင့်မိုရ်ထွဋ်ဦးက        ပြောသည်။

 

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ဒုတိယနှစ်ကျောင်းသား မောင်ပြည့်ဖြိုးသန်းက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးအပိုင်းကို စိတ်ဝင်စားပြီး ကျွမ်းကျင်သည့် ပညာရှင်တစ်ယောက်ဖြစ်လိုသည့်အတွက် ၎င်းအနေဖြင့် Electrical Power - EP ဘာသာရပ်က ရွေးချယ်ခြင်းဖြစ်ကြောင်း၊  အင်းစိန်  GTI  သည်  ယခင်ကတည်းက နာမည်ကြီးကျောင်းဖြစ်ပြီး မိမိတို့လက်ထက်တွင် ကျွမ်းကျင်သည့်  ပညာရှင်တစ်ယောက်ဖြစ်အောင်ကြိုးစားခြင်းဖြင့် ကျောင်း၏ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။

 

ကာလတိုသင်တန်းများအနေဖြင့် အိမ်တွင်းလျှပ်စစ်ဝိုင်ယာသွယ်တန်းခြင်းသင်တန်း၊ စက်ရုံပိုင်းဆိုင်ရာ  စ က်ကိရိယာများ  ထိန်းချုပ်တပ်ဆင်ခြင်းသင်တန်း၊  အခြေခံကွန်ပျူတာသင်တန်းများကို  ၂၀၁၉  ခုနှစ်  ဇန်နဝါရီလမှဇူလိုင်လအထိဖွင့်လှစ်ခဲ့ပြီး အထည်ချုပ်ဆိုင်ရာသင်တန်း၊ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း၊ ဟိုတယ်နှင့်ခရီးသွား  ဝန်ဆောင်မှုဆိုင်ရာသင်တန်းများကို ဆက်လက်အကောင်အထည်ဖော်    ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အင်းစိန် GTI ကျောင်းသည်    မြန်မာနိုင်ငံ၏ ပထမဆုံး စက်မှုလက်မှုပညာသင်ကျောင်းဖြစ်ပြီး နှစ်ပေါင်း  ၁၂၀  ကျော်သက်တမ်းရှိပြီဖြစ်သည်။  ၂၀၁၅ ခုနှစ်တွင်သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၂၀ ပြည့်မြောက်ခဲ့သည့်အတွက်    အထိမ်းအမှတ်ပွဲများကို ကျင်းပခဲ့သည်။ သမိုင်းဝင်အဆောက်အအုံတစ်ခု     ဖြစ်သည့်အတွက် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတစ်ခုအဖြစ် အပြာရောင်ကမ္ပည်းပြားကိုလည်း      တပ်ဆင်သတ်မှတ်ထားပြီးဖြစ်သည်။

 

“ကျောင်းကြီးရှေ့က  ဖြတ်သွားတိုင်း တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်၊ ဂုဏ်သိက္ခာရှိရှိ ကျောင်းတက်နေကြတဲ့   လူငယ်ကျောင်းသားမျိုးဆက်သစ်တွေကိုမြင်ရတော့ ဝမ်းသာမိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေဟာ လူငယ်ကျောင်းသားတွေကို ဘယ်လောက်တန်ဖိုးထားတယ်၊ မျှော်လင့်တယ်၊ ဘယ်လောက်အထိ အားကိုးတယ်ဆိုတာ သက်သေပြနေတာပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်က ကျောင်းသားတစ်ယောက်ဖြစ်ခဲ့တဲ့ ကျွန်တော့်အနေနဲ့လည်း ဒီကျောင်းတော်ကြီးကိုကျောင်းသားတွေလက်ထဲ ပြန်ရောက်အောင်  ပေးအပ်နိုင်ခဲ့တာကို ကျေနပ်ပျော်ရွှင်မိပါတယ်။ ဒီကျောင်းတော်ကြီးမှာ တက်ရောက်ခဲ့တဲ့ ကျောင်းသားဟောင်းတွေလည်း  ကျွန်တော့်လိုပဲ  ထပ်တူခံစားဂုဏ်ယူကြမယ်လို့ ယုံကြည်ပါတယ်”ဟု      ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောသည်။       ။

 

ဆောင်းပါး - နန္ဒာဝင်း
ဓာတ်ပုံ - တာရာ