အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်၊ စက်တင်ဘာ  ၂၁

 

စွမ်းအင်ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားလျက် ရှိကြောင်း၊ အဂတိလိုက်စားပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူ ခံရကြမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရာထူးတာဝန် အဆင့်အလိုက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောသားရင်သား မခွဲခြားဘဲ မျှတစွာဖြင့် အဂတိကင်းရှင်းသည့်ဌာန၊ ပတ်ဝန်းကျင်ကောင်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု မရှိစေရေးနှင့် ပပျောက်စေရေး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ကို ညွှန်ကြားချက်နှင့်အညီ ဖွဲ့စည်းထားရှိပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေများ၊ အမိန့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်ဒေါ်ကြူကြူဝင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း၊ အဂတိကို လက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဖန်တီးဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ယခုဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်း ဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်  ပါဝင်ဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဆိုင်ရာများ၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စုံစမ်းစစ်ဆေးရေး ကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက် များကို ပြန်လည်ဖြေကြားကြသည်။

 

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများသည် စွမ်းအင်ဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ အဂတိလိုက်စားမှုဆိုင်ရာ ကာကွယ်တားဆီးနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြသည်။

 

ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းရှင်းလင်းလင်း သိရှိပြီး အဂတိလိုက်စားမှု မြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော် နစ်နာဆုံးရှုံးရသည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်