အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် မေ  ၉

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြင့်  တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှု မြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်နစ်နာ ဆုံးရှုံးရသည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှု မရှိစေရေးနှင့် တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက် လျက်ရှိသော သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပိုမိုခိုင်မာစွာဖြစ် ပေါ်လာစေရန် ဦးတည်ဆောင်ရွက်ကြရန်မှာကြားလိုပါကြောင်း  ပြောကြားသည်။

ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင် က အဂတိဆိုသည်မှာ လားရာကို ဆန့်ကျင်ခြင်းဟု အဓိပ္ပာယ်ရပြီး ဘာသာတ ရားအရ ငါးပါးသီလကို မြဲမြံစွာလိုက်နာစောင့်ထိန်းပါက အဂတိ တရားကင်းရှင်းသွား မည်ဖြစ်ပါကြောင်း၊ ငယ်စဉ်ကပင်  နေ့စဉ်ပြုမူနေထိုင်ပြောဆိုလုပ်ကိုင်ရာတွင် ပြည်သူ့နီတိနှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရေး သင်ကြားပို့ချရန် လိုအပ်ပါကြောင်း၊

ကော်မရှင် အနေဖြင့်လည်း ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ဆရာကိုင်လက်စွဲစာအုပ်များကို အခြေခံမူလတန်းအဆင့််မှ အထက်တန်းအဆင့်အထိ ရေးဆွဲပြုစုပြီး အဆင့်လိုက်ဘာသာရပ်များတွင် ထည့်သွင်းရေးဆွဲကာ သင်ကြားပို့ချနိုင်ရေး ညှိနှိုင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ကော်မရှင်၏ ဆောင်ပုဒ်ဖြစ်သည့် “ Remove Corruption, Promote Prosperity” “အဂတိပယ်ခွာပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလို ပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုး က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ကော်မရှင်၏လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ  ဌာနခွဲများမှ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်