အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍  ကချင်ပြည်နယ်အစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိ လိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) ကို အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခအစည်းအဝေးခန်းမ၌ ပို့ချသည်။

သင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းသည် ကော်မရှင်တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှု အခွင့်အလမ်းများကို တားဆီးရန် ဌာန၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေ့လာဆန်းစစ်၍ အားနည်းချက်များရှိပါက ဖော်ထုတ်ပြုပြင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ရပါက နိုင်ငံတော်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးစေပါကြောင်း၊ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme-PFP) အသုံးပြုခြင်းဖြင့် အများပြည်သူ၏အကြံပြုချက်များ ရယူ၍ အားနည်းချက်များ ပြုပြင်သွားပါက ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။ 
  
ယင်းနောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedure - SOP)၊ လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR) ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment - CRA)  အများပြည်သူထံမှ တုံ့ပြန်မှု ရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်