အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သင်ခန်းစာပို့ချမှု အစီအစဉ်များ ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၄

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ယနေ့ တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှု တား ဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) အား အဂတိလိုက်စားမှုတား ဆီးကာကွယ်ရေးဆိုင်ရာနည်းပညာ သင်တန်းပို့ချသည်။

သင်တန်းတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ က တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များတွင် CPU အဖွဲ့များ ဖွဲ့စည်းပြီးဖြစ်၍ PFP အစီအစဉ်ကိုဆောင်ရွက်ရန်  နည်းပညာပိုင်းဆိုင်ရာ သင်တန်းပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုကြောင့် အရေးယူခံရပါက ရာထူး၊ ဂုဏ်သိက္ခာ၊ မိသားစုများပါ ထိခိုက်နိုင်သည့်အတွက် CPU အဖွဲ့များအနေဖြင့် ထိန်းကျောင်းပေးနိုင်ကြောင်း၊ ကျင့်ဝတ်များကို သိရှိပါက မိမိကိုယ်မိမိ ထိန်းကျောင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည် က အမှာစကား ပြောကြားသည်။
ယင်းနောက်  နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး က CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံး လုပ်နည်း ၊ လုပ်ငန်း လမ်းညွှန်ရေး ဆွဲခြင်း၊အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်တို့နှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးပြီး PFP အသုံးပြုဆောင်ရွက် နိုင်ရေး လက်တွေ့လေ့ကျင့်ဆောင်ရွက်ကာ အပြန်အလှန် ဆွေးနွေးကြသည်။ 

အလားတူ ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူးများက ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ အလုပ်သမား ဝန်ကြီးဌာနမှဖွင့်လှစ်သည့် အရာထမ်းများ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၃)၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်ခန်းစာများ ဆွေးနွေးခဲ့ကြောင်းနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး အစီအစဉ်အရ လမ်းမတော်မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများကို ကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ်(ဆရာကိုင်)စာအုပ်များမှ သင်ခန်းစာ များကို  အသိပညာပေးဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

သတင်းစဉ်