အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

နေပြည်တော်၊ ဇွန် ၁၇

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng phang နော်တောင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး အဂတိလိုက်စားမှုသည် “ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း” တစ်နည်းအားဖြင့် အကျိုးအမြတ်တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုများကြောင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းနှင့် နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီး တစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံမျိုးစုံဖြင့်ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှု ကျူးလွန်ပါက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရစေမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် အထူးလိုအပ်ပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယခုအခမ်းအနားမှ ရရှိလာသည့် အသိအမြင် ဗဟုသုတများကို မှတ်သားလိုက်နာ၍ မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေး ကြရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြရန်နှင့် မိမိမှစ၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဂတိလိုက်စားမှုကို ငြင်းဆန်ရန် တိုက်တွန်း လိုပါကြောင်း၊ အဂတိတရား ကင်းရှင်းပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးပြုနိုင်မည့် ဝန်ထမ်းကောင်းများ ဖြစ်ကြစေရန် တိုက်တွန်းမှာကြား လိုပါကြောင်း ပြောကြားသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကော်မရှင်အနေဖြင့် ဥပဒေပါ ရည်ရွယ်ချက်ဖြစ်သည့် အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အများပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ပြီး ဝန်ဆောင်မှုပေးရသည့် ဌာနများအနေဖြင့်လည်း မိမိတို့၏ဝန်ဆောင်မှု အရည်အသွေးနှင့် စပ်လျဉ်း၍ ပြည်သူ၏အကဲဖြတ်၊ အကြံပြုချက်များကို ရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme - PFP) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကော်မရှင်မှနည်းပညာများ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ပြည်သူထံမှ ပြန်လည်တုံ့ပြန်ဖြေကြားရာ၌ SMS ပေးပို့ရသည့် ကုန်ကျစရိတ်များသက်သာစေရန် ကော်မရှင် အနေဖြင့် သက်ဆိုင်ရာဆက်သွယ်ရေး ကုမ္ပဏီများနှင့် ညှိနှိုင်းပေးပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည်လည်း ပြည်သူများဖြစ်၍ အခြားဌာနများ၌ ဝန်ဆောင်မှုများ သွားရောက်ရယူရာတွင် (Public Feedback Programme-PFP) အစီအစဉ်ကို တက်ကြွစွာ ပါဝင်ဖြေကြားပေး စေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတို က်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင်က ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်စံနှုန်းများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် ခေါင်းဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်