အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ အရာထမ်းများ၏ ပြည်ပသင်တန်း အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၉

 

Malaysia Anti-Corruption Academy (MACA)မှ ဖွင့်လှစ်ပို့ချခဲ့သည့် Investigation and Prosecution in Intelligence Based Investigation (IPIBI) Cases သင်တန်းသို့ Online စနစ်ဖြင့် တက်ရောက်ခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်းတစ်ဦးက သင်တန်းအတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပသည်။

 

အတွေ့အကြုံရှင်းလင်းပွဲသို့ ကော်မရှင်ဥက္ကဋ္ဌဉီးစစ်အေး၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အဆင့်မြင့် အရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာကော်မရှင်ဥက္ကဋ္ဌက ပြည်ပနိုင်ငံများသို့ သင်တန်းများတက်ရောက်ရာ၌ တက်ရောက်ရမည့် ဘာသာရပ်နှင့်စပ်လျဉ်း၍ ကြိုတင်လေ့လာရန်လိုကြောင်း၊ ပြည်ပနိုင်ငံများ၏ ကောင်းမွန်သည့် အလေ့အထ များကို အတုယူ၍ ကြိုးစားလေ့လာဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းတက်ရောက်ရာတွင် ဝင်ရောက်ဆွေးနွေးခြင်း၊ မေးမြန်းခြင်းနှင့် မိမိထင်မြင်ယူဆချက်များကို တင်ပြနိုင်သည့် အရည်အချင်း များရှိနေရန် ကြိုးစားလေ့လာကြရန် လိုကြောင်းတိုက်တွန်း မှာကြားသည်။

 

ထို့နောက် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းထက်က သင်တန်းတွင် ပို့ချသည့်ဘာသာရပ်များနှင့် သင်တန်းအတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြ သည်။

 

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ဝန်ထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ အသိအမြင် ဗဟုသုတကြွယ်ဝရေး အတွက် ပြည်ပခရီးစဉ်များကို စေလွှတ်လျက်ရှိကြောင်း၊ ထိုသို့စေလွှတ်ရာတွင် အချိန်အား၊ ငွေအား၊ လူအား ရင်းနှီးပေးဆပ်ရသဖြင့် ထိုက်တန်သည့် အကျိုးကျေးဇူးများရရှိအောင် စွမ်းဆောင်ကြိုးပမ်းကြစေလိုကြောင်း၊ သွားရသည့်ခရီး၏ အကျိုးရလဒ်အဖြစ် မိမိအတွက်၊ ဌာနအတွက်၊ နိုင်ငံအတွက် ရလဒ်ကောင်းများရရှိအောင် မှာကြားလိုကြောင်း ပြောကြားသည်။

(သတင်းစဉ်)