အဂတိလိုက်စားမှုများနှင့် ဆက်နွယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များကို နားလည်သိရှိနိုင်စေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၀

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့တို့ ပူးပေါင်း၍ ငွေကြေးခဝါချမှုအန္တရာယ်များကို နားလည်သိရှိစေရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌက ယနေ့ကျင်းပသည့် အခမ်းအနားသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှု၏ ဆက်နွှယ်မှုများ၊ ယင်း၏ ဆုံးရှုံးနိုင်ခြေအန္တရာယ်ရှိ  မှုများကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ပါကြောင်း၊ ငွေကြေးခဝါချမှု ပြဿနာသည် ကြီး မားသည့် ပြဿနာဖြစ်ပြီး ယင်းနှင့်ဆက်စပ်၍ ရာဇဝတ်မှုများစွာ ဖြစ်ပေါ်စေ နိုင်ကြောင်း၊ ခေတ်မီ နည်းပညာများ ထွန်းကားလာသည့်အတွက် ထိန်းချုပ်ရန် များစွာခက်ခဲကြောင်း၊ အဂတိလိုက်စားမှု ကြောင့် ရရှိလာသည့်ငွေကြေးနှင့် ပစ္စည်းများကို ငွေကြေးခဝါချခြင်း ဆောင်ရွက်သည့်အတွက် ၎င်းပြဿနာ(၂)ရပ်လုံးသည် ကိုယ်ကျိုးစီးပွားအခြေခံသည့် ကိစ္စများဖြစ်ပါကြောင်း၊ ဒေသတွင်း၌ သာမက နယ်စပ်ဖြတ်ကျော်မှုခင်းများအထိ ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၂၁) ရာစုမှစ၍ သက် ဆိုင်  ရာ ဆက်စပ်ဌာနများက စည်းမျဉ်း ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်၍ ဆောင်ရွက်လျက် ရှိကြောင်း၊ UNODC ၏ စစ်တမ်းအရ ငွေကြေးခဝါချမှုကြောင့် ကမ္ဘာပေါ်တွင် (၅၀) ရာခိုင်နှုန်းအထိ နစ်နာ ဆုံးရှုံးမှုများရှိပါကြောင်း၊ ငွေကြေးခဝါချမှုသည် မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်တိုက်ခိုက်မှုများအထိ ဆက်နွှယ်လျက်ရှိပြီး ငွေကြေးပမာဏသာမက ရာဇဝတ်မှုများစွာ ဖြစ်ပွားစေပြီး ဆုံးရှုံးနစ်နာမှုများစွာ ရှိစေနိုင်သည့်အတွက် အမျိုးသားရေးတာဝန်အဖြစ် ခံယူလျက် ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရဲမှူးချုပ် မျိုးသူစိုးက အဂတိလိုက်စားမှုများသည် ငွေကြေးခဝါချခြင်းနှင့် ဆက်နွှယ်လျက်ရှိသည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယရဲမှူးကြီး မြင့်စိုးက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များ၊ ငွေကြေး ခဝါချမှုနှင့်ဆက်နွှယ်သော နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးခြင်းနှင့် သင်ခန်းစာလေ့လာသုံးသပ်ဖော်ထုတ်ခြင်း (Case Study) များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေ ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်