နေပြည်တော် ဇွန် ၁

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကောင်းမွန်သည့် အုပ်ချုပ်ရေးကို ပုံဖော်ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ အလွန်အရေးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အဖွဲ့အစည်းများအတွင်း ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုနှင့် အများပြည်သူ၏ ယုံကြည်မှုကို တည်ဆောက်ရန် အရေးကြီးပါကြောင်း ပြောကြားသည်။

 

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောပြီး သိရှိလိုသည့်အချက်များ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

 

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုး ခေါင်းဆောင်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်