အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်       ဇွန်      ၂၈

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး၊ ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများက online ဖြင့် ပါဝင်တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်ကြရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဌာနတွင်း အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) ကို အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ ဖွဲ့စည်းထားရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယနေ့ အခမ်းအနားမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသော အသိအမြင်ဗဟုသုတများကို လေ့လာမှတ်သားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အားလုံးတက်ကြွစွာ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြား သည်။ 

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ကော်မရှင်မှ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် များကိုလည်းကောင်း၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင် က အဂတိလိုက်စားမှု၏ သဘောသဘာဝများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

 

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးသည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြ ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)