အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အရာထမ်းများ၏ ပြည်ပသင်တန်း အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၂

 

စင်္ကာပူနိုင်ငံတွင် ဩဂုတ်၂၈ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သည့် Course on Transparency and Good Practise in Public Sector Management သို့ တက်ရောက်ခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်း (၂) ဦးက ပြည်ပသင်တန်းအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်း မ၌ ကျင်းပသည်။

 

အတွေ့အကြုံရှင်းလင်းပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အဆင့်မြင့် အရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ဝန်ထမ်းများအနေဖြင့် စဉ်ဆက်မပြတ်လေ့လာ သင်ယူလိုစိတ်ရှိရန် လိုကြောင်း၊ ပြည်ပနိုင်ငံများ၏ ကောင်းမွန်သည့်အလေ့အထများကို အတုယူ၍ ကြိုးစားလေ့လာ ဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းတက်ရောက်ရာတွင် ဝင်ရောက်ဆွေးနွေးခြင်း၊ မေးမြန်းခြင်းနှင့် မိမိထင်မြင်ယူဆချက်များကို တင်ပြနိုင်သည့် အရည်အချင်းများရှိနေရန် ကြိုးစားလေ့လာကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

 

ထို့နောက် စီမံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးမင်းသောင်းက စင်္ကာပူနိုင်ငံနှင့် ချီလီနိုင်ငံတို့၏ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် တည်တံ့ခိုင်မြဲစေရေး၊ ပွင့်လင်းမြင်သာမှု၊ အဂတိလိုက်စားမှုထိန်းချုပ်ရေး ဆိုင်ရာ နည်းလမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက စင်္ကာပူနိုင်ငံနှင့် ချီလီနိုင်ငံတို့မှ လက်ခံကျင့်သုံး လျက်ရှိသည့် အစိုးရဝယ်ယူရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများ၊ စစ်ဆေးထိန်းကျောင်းမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)