အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် သတင်းပေးပို့၊ တိုင်ကြားခြင်းဖြင့် ပါဝင်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ သတင်း ပေးပို့တိုင်ကြားနိုင်ရေးအတွက် လိပ်မူတိုင်ကြားရန် လိပ်စာ များကို မီဒီယာများမှတစ်ဆင့် ပြည်သူကို အသိပေးထား သည်။ တစ်ဦးတစ်ယောက်အဂတိလိုက်စားခြင်း၊ အဂတိ လိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းတို့ကို သက်သေခံ အထောက်အထားများဖြင့် သတ်မှတ်ချက်များနှင့်အညီ တိုင်ကြားကြရန်လည်း လိုအပ်သည်။

မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှုများသည် နေရာ ဒေသ အနှံ့အပြား၊ ကဏ္ဍအသီးသီးတို့တွင် ပျံ့နှံ့လျက်ရှိရာ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုနောက်ကျခြင်း၊ ဆင်းရဲနွမ်းပါးမှုကို ပိုမိုနက်ရှိုင်းစေခြင်း၊ အစိုးရအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကို ကျဆင်းစေခြင်း၊ အများပြည်သူကို ငြိုငြင် စေခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိ သည်။ သို့ရာတွင် အဆင့်နိမ့်ဝန်ထမ်းအဆင့်မှသည် ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေး ရာထူးယူထားသူများ စသည်ဖြင့် ရာထူးတာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသူ အဆင့်ဆင့်တို့အထိ တွေ့မြင်ရတတ်လေ့ရှိသော အဂတိလိုက်စားမှုများကို ဖော်ထုတ်ရာတွင် ပြည်သူလူထု ပါဝင်ဆောင်ရွက်မှုက လွန်စွာအရေးပါသည်။ အချို့မှာ ရာထူးအားဖြင့် အဆင့်နိမ့်သော်လည်း ဌာန၏လုပ်ငန်း သဘောသဘာဝအရ အဂတိ လိုက်စားနိုင်ရန် လွန်စွာအခြေအနေပေးခြင်းကြောင့် လစာဝင်ငွေနှင့် မဆီလျော်သည့် ကြွယ်ဝချမ်းသာ နေသူများကိုလည်း တွေ့ရှိနိုင်ရာ မျက်မြင်သက်သေ၊ စာရွက်စာတမ်း၊ ဓာတ်ပုံ၊ အသံဖိုင်၊ ဗီဒီယိုဖိုင် စသည့် အရေးကြီးသော သက်သေခံချက်များ ပိုင်ပိုင်နိုင်နိုင်ရရှိထားပါက ကော်မရှင်သို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြသည်။

 

ပြည်သူများ၏ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ စနစ်တကျ မှတ်တမ်းတင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်း၊ မှန်ကန်စွာ စုံစမ်းစစ်ဆေးခြင်း၊ စုံစမ်းစစ်ဆေးချက်များနှင့် အကြံပြုချက်များကို အစီရင်ခံတင်ပြခြင်းတို့ဖြင့် ပြည့်စုံသော စနစ်တစ်ခုထားရှိရန်၊ တိုင်ကြားစာနှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက်များအား သင့်လျော်သည့် အချိန်ကာလအတွင်း တိုင်ကြားသူများထံ ကောင်းမွန်စွာ အကြောင်းပြန်ကြားပေးရန် စသည်တို့ကို ကော်မရှင်၏ ကျင့်ဝတ်တွင် ပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိနိုင်ရာ မိမိတို့၏ သတင်းပေးပို့ချက်၊ တိုင်တန်းချက်များကို ကော်မရှင်က ဆက်လက်ဆောင်ရွက်မှုများအား တွေ့မြင်ရမည်ဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၄၊ ၄၅ တို့တွင် သတင်းပေးခြင်း၊ တိုင်ကြားခြင်း၊ ဆက်လက် ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း မှန်ကန်ခိုင်မာသော သတင်းပေးပို့ချက်၊ တိုင်တန်းချက်များကို သတ်မှတ်ချက်များနှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့ကာ နိုင်ငံတော်အစိုးရက အလေးအနက် ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါကြောင်း။

 

မြန်မာ့အလင်း