အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရသည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် အပေါ် စီရင်ချက် အမိန့်ချမှတ်

နေပြည်တော် ဖေဖော်ဝါရီ   ၂၈     

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာမြင့်နိုင်အပေါ် လုပ်ငန်းတာဝန် ထမ်းဆောင်စဉ် အဂတိလိုက်စားမှု ကျူးလွန်ကြောင်း တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း စည်းကမ်းများ ဖောက်ဖျက်သဖြင့် တင်ဒါကြမ်းခင်းဈေးနှုန်းများ သတင်းပေါက်ကြားပြီး တင်ဒါတန်ဖိုး ငွေကျပ်သန်းပေါင်း ၂၀၀၀၀ ကျော်ရှိသည့် လုပ်ငန်း ၆၆ ခုမှာ မူလကြမ်းခင်းဈေးအတိုင်း တင်ဒါအောင်မြင်ခဲ့ကြသည့်အပေါ် နိုင်ငံတော်အတွက် သက်သာခွင့်ရရှိမည့် ငွေကြေးများ ဆုံးရှုံးနစ်နာခဲ့ခြင်း။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တင်ဒါခေါ်ယူရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးဦး၏ ကိုယ်ရေးအရာရှိဖြစ်သူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေလင်းလှိုင်နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်သန့်စင်တို့အား တင်ဒါလုပ်ငန်း အချက်အလက်များအတွက် ငွေကြေးရယူ ဆောင်ရွက်မှုတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း မပြုနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက် အစီရင်ခံစာအား ဖုံးကွယ်၊ ဖျောက်ဖျက်ခြင်းများ ပြုလုပ်ခဲ့ခြင်း။

မုံရွာမြို့နယ်၊ လယ်တီရပ်ကွက်အတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနပိုင် အင်းမြေ စုစုပေါင်း ၅ ဒသမ၇၈ ဧကအား နိုင်ငံတော်ပိုင်မြေဖြစ်ကြောင်း သိလျက်နှင့် ငွေကြေးရယူကာ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် လူပုဂ္ဂိုလ်တစ်ဦးသို့ အခြားနည်းသုံးစွဲခွင့် ခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်ပိုင်မြေ ၅ ဒသမ ၇၈ ဧက၏ကာလတန်ဖိုး ငွေကျပ်သိန်း ၈၆၇၀  နစ်နာ ဆုံးရှုံးခဲ့ခြင်း။

မုံရွာမြို့ရှိ လုပ်ငန်းဆက်စပ်သည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ငွေကျပ်သိန်း ၁၁၀ တန်ဖိုးရှိ HIJET အမျိုးအစား မော်တော်ယာဉ်တစ်စီးအား ၎င်းကိုယ်တိုင် ဦးစီးဖွင့်လှစ်ထားသည့် ဂေဟာအဆောက်အဦတွင် အသုံးပြုရန်အတွက် တောင်းခံလှူဒါန်းစေခဲ့ခြင်း၊ ဂေဟာနှင့် တစ်ဆက်တည်း ရှိနေသော မြေဧက ၂ ဒသမ ၈၅ ဧကပေါ်တွင် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ ခွင့်ပြုချက် တစ်စုံတစ်ရာရရှိခြင်း မရှိသေးဘဲ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဂေဟာမှူးအိမ်အဖြစ် ဆောက်လုပ်အသုံးပြုထားသည့်အတွက် နိုင်ငံတော်ပိုင် မြေ ၂ ဒသမ ၈၅ ဧက ဆုံးရှုံးနစ်နာခဲ့ခြင်း။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်သည် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများကို လိုက်နာရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန်ပျက်ကွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုချထားပေးသည့် ရွှေသတ္တုလုပ်ကွက်များအနက် အသေးစားလုပ်ကွက် ၂၄၃ ကွက်နှင့် လက်လုပ်လက်စား လုပ်ကွက် ၄၇ ကွက်တို့အတွက် တိုင်းဒေသကြီး ဘဏ္ဍာစာရင်းသို့ ကြိုတင်ပေးသွင်းရမည့် အခွန်အခများကို ကောက်ခံခြင်းမပြုဘဲ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်က ရရှိမည့် အခွန်ငွေ ငွေကျပ်သိန်း ၂၉၀၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ စစ်ကိုင်း တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် မေ  ၁၇ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှု အမှတ် ၁/၂၀၂၁ မှ ၇/၂၀၂၁ အထိ အမှု ခုနစ်မှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။ 

အဆိုပါ အမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတရား လွှတ်တော်က ယနေ့တွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်ကို ရာဇဝတ် ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၇/၂၀၂၁ အထိ တို့အတွက် အမှုတစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်းအမှု ခုနစ်မှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သိရသည်။ 

သတင်းစဉ်