လူဆာကာ   ဇွန်   ၇

အီဘိုလာရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဇမ်ဘီယာနိုင်ငံ၏ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ရေးအစီအစဉ်များကို   အထောက်အကူပြုနိုင်ရန်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇွန် ၅ ရက်တွင်  ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများကို ဇမ်ဘီယာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများမှာ အမေရိကန်ဒေါ်လာ ၂၂၀၀၀ တန်ဖိုးရှိ    ကာကွယ်ရေးဝတ်စုံများ၊  ဓာတ်ခွဲစစ်ဆေးရန် နမူနာများကို  သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့်  ပစ္စည်းများနှင့်  ဓာတ်ခွဲခန်းသုံး ဓာတ်ပစ္စည်းများပါဝင်သည်။

ယခုကဲ့သို့ ထောက်ပံ့ရေးပစ္စည်းများ ပံ့ပိုးပေးခြင်းဖြင့် ဇမ်ဘီယာနိုင်ငံ၏ အီဘိုလာရောဂါ ရှာဖွေဖော်ထုတ်နိုင်မှုနှင့် သံသယရှိလူနာများအား စစ်ဆေးရာတွင် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ဇမ်ဘီယာနိုင်ငံဆိုင်ရာ WHO ၏ ကိုယ်စားလှယ် ကလီမင့်ပီတာ လာဆူဘာက ပြောကြား သည်။

WHO သည် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာနှင့်ပူးပေါင်းကာ အီဘိုလာရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်ရန် ကမ္ဘာ့တိုက်ကြီးအဆင့် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ရေးအစီအစဉ်များကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထိခိုက်ခံစားရသည့် နိုင်ငံများကို ကူညီပေးရန်နှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆင်ဟွာ