အီးစီးကရက်ရောင်းချမှုကို တားမြစ်ရန် အမေရိကန်စီစဉ်

ရနံ့ပါသော လျှပ်စစ်စီးကရက်များ ရောင်းချမှုကို တားမြစ်ရန် စီစဉ်နေကြောင်း အမေရိကန် အုပ်ချုပ်ရေး တာဝန်ရှိ သူများက ပြောကြားခဲ့သည်။ အီးစီးကရက်အသုံးပြုခြင်းသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ဆက်နွယ်ပတ်သက်နေသည့် အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက်တွင် ယခုကဲ့သို့ စီစဉ်နေခြင်းဖြစ်သည်။


အီးစီးကရက်သုံးစွဲခြင်းသည် နီကိုတင်းဓာတ်နှင့် ရနံ့ရှိ အရာဝတ္ထုများပါဝင်သော အရည်များ အငွေ့ပြန်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ရှူရှိုက်ခြင်းသည် အမေရိကန်ပြည်ထောင်စုရှိ လူငယ်များကြားတွင် အထူးရေပန်းစား လျက်ရှိသည်။ 


အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ၄၅၀ သည် အီးစီးကရက် အသုံးပြုမှုနှင့် ဆက်စပ်နေပြီး ငါးဉီးခန့်သေဆုံးကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဗဟိုဌာနက ပြောကြားခဲ့သည်။ 


ထို့ကြောင့် သမ္မတဒေါ်နယ်ထရန့်က ယင်းကိစ္စကို ကိုင်တွယ်ရန် လိုအပ်သည်များကို ချက်ချင်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း ယမန်နေ့က အလေးပေးပြောကြားခဲ့သည်။ ထို့ပြင် ပြည်သူများအား နာမကျန်းဖြစ်စေမှုကို ခွင့်မပြု နိုင်ကြောင်းနှင့် လူငယ်များအား ယခုကဲ့သို့ မဖြစ်စေလိုကြောင်း ပြောကြားခဲ့သည်။ 


ပူရှိန်းနှင့် အခြားရနံ့များပါသော အီးစီးကရက်များအား လူငယ်များစွဲလမ်းနေမှုနှင့် ပတ်သက်ပြီး စိုးရိမ်နေကြောင်း ကျန်းမာရေးနှင့်လူမှုဝန်ဆောင်မှုဝန်ကြီး အဲလက်စ်အာဇာက ပြောကြားခဲ့သည်။ ထို့အပြင် သက်ဆိုင်ရာ တာဝန်ရှိ သူများအနေနှင့် ယင်းကုန်ပစ္စည်းများကို ဈေးကွက်အတွင်းမှ ဖယ်ရှားရန် စတင် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်သုတေသီအဖွဲ့၏ လေ့လာတွေ့ရှိချက်အရ အီးစီးကရက်အသုံးပြုသူ ၆၃ ရာခိုင်နှုန်းခန့်သည် ဆေးရွက်ကြီးထက် အခြားသော ရနံ့များကို ပိုမိုသုံးစွဲကြကြောင်း သိရသည်။ အမေရိကန် မီဒီယာများက ယခုတားမြစ်ကန့်သတ်မှုသည် အီးစီးကရက်နှိမ်နင်းမှုအတွက် အဓိကအချက်တစ်ချက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-စုရည်