အီဂျစ်မြောက်ပိုင်းတွင် ရေနံယိုဖိတ်ကာ မီးလောင်မှု ဖြစ်ပွားသဖြင့် ခြောက်ဦးသေဆုံး

၁၄ နိုဝင်ဘာ

 

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မြောက်ပိုင်း ဘီဟီရာပြည်နယ်တွင် ယမန်နေ့က ရေနံပိုက်လိုင်းတစ်ခု ယိုစိမ့်မှုဖြစ်ကာ မီးလောင်မှု ဖြစ်ပွားသဖြင့် ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် ကျန်းမာရေးဝန်ကြီးဌာန က ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

 

1

 

ကျန်းမာရေးဝန်ကြီးဌာနက ယင်းနေရာသို့ လူနာတင်ကား အစီး ၂၀ ပို့ပေးခဲ့ပြီး ဒဏ်ရာရရှိသူများကို အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း ထိုကြေညာချက်အရ သိရသည်။

 

ဘီဟီရာ Itay el-Baroud မြို့ Al-Mawasir ကျေးရွာတွင်  သူခိုးခိုးရန် ကြိုးစားခဲ့ရာမှ ထိုရေနံပိုက်လိုင်းတွင် အပေါက်ကျန်ခဲ့ကာ တူးမြောင်းအတွင်းနှင့် ပတ်ဝန်းကျင်တွင် ရေနံယိုစိမ့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  ရေနံဝန်ကြီးဌာက ပြောကြားခဲ့သည်။

 

အဆိုပါ ရေနံယိုဖိတ်ရာ နေရာသို့ ရွာသားများ စုပြုံကာ အပြေးအလွှား သွားရောက်ကြပြီးနောက် မီးလောင်မှု ဖြစ်ပွားသဖြင့် ၎င်းတို့ဒဏ်ရာရ သေဆုံးခဲ့ကြခြင်း ဖြစ်သည်ဟု ဘီဟီရာ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 

ထိုမီးကို လုံးဝထိန်းချုပ် ငြိမ်းသတ်ခဲ့ကြောင်းနှင့် ဒဏ်ရာရ သေဆုံးသူများ၏ မိသားစုဝင်များကို ဝမ်းနည်းကြောင်းစကားကို ဘီဟီရာပြည်နယ် အထွေထွေ အတွင်းရေးမှူးက အီဂျစ်နိုင်ငံပိုင် ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို