အီဂျစ်နိုင်ငံ၏ အလိုရှိဆုံး အကြမ်းဖက်သမားကို လစ်ဗျားနိုင်ငံ လွှဲပြောင်း

၃၀ မေ

လစ်ဗျားနိုင်ငံသည် အီဂျစ်နိုင်ငံ၏ အလိုအရှိဆုံး အကြမ်းဖက်သမားများအနက် တစ်ဦးဖြစ်သူ ဟီရှင်အယ်အက်ရှ်မာဝီကို အီဂျစ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဒေသန္တရမီဒီယာများက ယနေ့ရေးသား ဖော်ပြခဲ့သည်။

 

369

 

အက်ရှ်မာဝီကို လစ်ဗျားနိုင်ငံ၌ လစ်ဗျားအမျိုးသားတပ်မတော် (LNA) က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အီဂျစ်ထောက်လှမ်းရေးအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်အတွင်း လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဒါနာမြို့တော်၌ ဖမ်းဆီးခံခဲ့ရသည့် အက်ရှ်မာဝီကို မျက်နှာဖုံးစွပ်ထားသော အီဂျစ်တပ်ဖွဲ့ဝင်များက အီဂျစ်လေယာဉ်တစ်စင်းဆီသို့ ခေါ်ဆောင်လာပုံကို အီဂျစ်နိုင်ငံပိုင်ရုပ်သံက ပြသခဲ့သည်။

နောက်ထပ် အလိုရှိဆုံး အကြမ်းဖက်သမားတစ်ယောက်ကိုလည်း လစ်ဗျားအမျိုးသားတပ်မတော် (LNA) က အီဂျစ်အာဏာပိုင်များထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း အဆိုပါရုပ်သံက ဖော်ပြခဲ့သည်။ 

အဘူအိုမာအယ်မိုဟာဂါအဖြစ် လူသိများသည့် အက်ရှ်မာဝီမှာ အီဂျစ်နိုင်ငံတွင်ဖြစ်ပွားခဲ့သော တိုက်ခိုက် မှုအများစုနှင့်ဆက်စပ်သည့် အန္တရာယ်အရှိဆုံး အကြမ်းဖက်သမားများတွင် ပါဝင်သည်ဟု ယူဆရသည်။

အီဂျစ်နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော New Valley လူအစုလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်၍ အီဂျစ်စစ်ဘက်တရားရုံးက အက်ရှ်မာဝီကို အခြားအကြမ်းဖက်သမား ၁၃ ဦးနှင့်အတူ မျက်ကွယ်၌ သေဒဏ်ချမှတ်ခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်