ကိုင်ရို မတ် ၁၉
အီဂျစ်နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများအတွက် အလုပ်ချိန်များ လျှော့ချခြင်းနှင့် လမ်းမီးဖြတ်ခြင်းများအပါအဝင် စွမ်းအင်အသုံးပြုမှုကို လျှော့ချရန် ယာယီအစီအမံများကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မိုစတာဖာ မက်ဒ်ဘူလီက မတ် ၁၈ ရက်တွင် ကြေညာသည်။
အီဂျစ်နိုင်ငံ၌ မတ် ၂၈ ရက်မှစကာ ဈေးဆိုင်၊ ဈေးဆိုင်တန်း၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များကို တနင်္လာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့တို့တွင် ည ၉ နာရီ၊ ကြာသပတေးနှင့် သောကြာနေ့တို့တွင် ည ၁၀ နာရီ ပိတ်ရမည်ဖြစ်ကြောင်း မက်ဒ်ဘူလီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အီဂျစ်နိုင်ငံ၌ လမ်းမီးများကို အနည်းဆုံးအဆင့်အထိ ဖြတ်တောက်ခြင်းနှင့် လမ်းဘေးကြော်ငြာဘုတ်များအားလုံး မီးပိတ်ခြင်း တစ်လကြာစီမံချက်ကို မတ် ၂၈ ရက်တွင် စတင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ Al-Ahram က ဖော်ပြထားသည်။
ထို့ပြင် Eid Al-Fitr အားလပ်ရက်ပြီးနောက် အစိုးရရုံးများကို ညနေ ၆ နာရီတွင် ပိတ်မည်ဖြစ်ပြီး ကျန်ရှိနေသည့် စီမံခန့်ခွဲရေးလုပ်ငန်းတာဝန်များကို အဝေးမှ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


