အီဂျစ်နိုင်ငံ၌ ကူးတို့လှေတိမ်းမှောက်မှုကြောင့် ၁၀ ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၂၉

အီဂျစ်နိုင်ငံ နိုင်းမြစ်၌ ဖေဖော်ဝါရီ ၂၅ ရက်က ကူးတို့လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၀ ဦးအထိ ရှိလာကြောင်း အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ အဆိုပါကူးတို့လှေသည် မြို့တော်ကိုင်ရိုအနီး Niklah ကျေးရွာတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ထိုလှေပေါ်တွင် အလုပ်သမား ၁၅ ဦးတင်ဆောင်လာခဲ့ရာ ၎င်းတို့အနက် ၁၀ ဦး သေဆုံးခဲ့ပြီး အခြားငါးဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူအလုပ်သမားတစ်ဦးချင်းစီ၏မိသားစုများအနေဖြင့် အီဂျစ်ငွေကြေး ပေါင် ၂၀၀၀၀၀ ( အမေရိကန်ဒေါ်လာ ၆၅၀၀ ခန့် )စီ ရရှိမည်ဖြစ်ပြီး ဒဏ်ရာရသူအလုပ်သမားတစ်ဦးချင်းစီအနေဖြင့် အီဂျစ်ငွေကြေး ပေါင် ၂၀၀၀၀ စီ ရရှိမည်ဟု ထိုဝန်ကြီးဌာနက ပြောကြားသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၂၅ ရက် က ကနဦးဖော်ပြချက်တွင် ကူးတို့လှေတိမ်းမှောက်မှုကြောင့် အလုပ်သမားသုံးဦးသေဆုံးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသူများအား ရှာဖွေမှုများဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ပါရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို