ကိုင်ရို ဇွန် ၂၂
အီဂျစ်နှင့် တူကီယဲတို့သည် အီဂျစ်နိုင်ငံရှိ လေတပ်အခြေစိုက်စခန်းအများအပြားတွင် ရက်များစွာကြာ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြောင်း အီဂျစ်စစ်ဘက်ရေးရာက ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုတွင် နှစ်နိုင်ငံစလုံးမှ နောက်ဆုံးပေါ် ဂျက်တိုက်လေယာဉ်များပါဝင်ပြီး ဗျူဟာမြောက်စစ်ရေးလေ့ကျင့်မှုအခြေအနေများနှင့် လေကြောင်းဆိုင်ရာ ပျံသန်းလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြကာ စစ်ရေးဗျူဟာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို အပြန်အလှန်ဖလှယ်ခွင့်ရရှိခဲ့ကြောင်း အီဂျစ်တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အီဂျစ်လေတပ်နှင့် မိတ်ဖက်နိုင်ငံများမှ လေတပ်တို့အကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီဂျစ်နှင့် တူကီယဲနိုင်ငံတို့သည် ၂၀၁၃ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်တစ်စုနီးပါး ကြာ ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပွားခဲ့သည်။ သို့သော်လည်း အီဂျစ်နှင့် တူကီယဲနိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေးမှာ မကြာသေးမီနှစ်များအတွင်း တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် သံအမတ်များ အပြန်အလှန် ပြန်လည်ခန့်အပ်နိုင်သည်အထိ ဆက်ဆံရေးတိုးတက် အားကောင်းလာခဲ့သည်။
ဆင်ဟွာ


