အီကွေဒေါအကျဉ်းထောင်၌ အဓိကရုဏ်းဖြစ်ပွား အကျဉ်းသား ၁၃ ဦး ထက်မနည်းသေဆုံး

ဇူလိုင် ၂၀

 

အီကွေဒေါနိုင်ငံ ဆန်တိုဒိုမင်ဂိုမြို့ရှိ အကျဉ်းထောင်တွင် တနင်္လာနေ့က အကျဉ်းသားအချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် အကျဉ်းသား ၁၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

အမျိုးသားရဲတပ်ဖွဲ့၊ စစ်တပ်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့က ထိုအရေးပေါ်အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်ဟု အမျိုးသားဘက်ပေါင်းစုံစောင့်ရှောက်ဝန်ဆောင်မှုအဖွဲ့က ဆိုသည်။

 

အဆိုပါအကျဉ်းထောင်တွင် မေလ ၉ ရက်က အကြမ်းဖက်မှုဖြစ်ပွားခဲ့ရာ အကျဉ်းသား ၄၄ ဦး သေဆုံးခဲ့သည်။

 

အီကွေဒေါအကျဉ်းထောင်စနစ်သည် ပြိုင်ဖက်မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများအကြား ထိပ်တိုက်ရင်ဆိုင်ဖြစ်ပွားမှု များကြောင့် ဆိုးရွားသောအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

 

၂၀၂၁ ခုနှစ်က အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်အဓိကရုဏ်းများကြောင့် အကျဉ်းသား ၃၀၀ ကျော် သေဆုံးခဲ့သည်။ အီကွေဒေါအစိုးရသည် မူးယစ်ဆေးဝါးရောင်းဝယ်မှု ထိရောက်စွာနှိမ်နင်းရေး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို